CNI International Article

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၅

ထိုင်းနှင့် တရုတ်အကြား ကာကွယ်ရေးကဏ္ဍ ဆက်ဆံရေးများသည် အရှေ့တောင်အာရှတွင် အောင်မြင်မှု မှတ်တိုင်အချို့ စိုက်ထူနိုင်ခဲ့သည့်အထိ ကောင်းမွန်ခဲ့သည်။

ထိုင်းသည် ၂၀၀၅ ခုနှစ်မှစပြီး ဒေသတွင်း တရုတ်နှင့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည့် ပထမဆုံး အာဆီယံ နိုင်ငံဖြစ်သည်။

ထိုအချိန်မှစပြီး ၎င်းတို့၏ ပူးတွဲစစ်ရေး လေ့ကျင့်မှုများသည် ပိုမိုမြင့်တက်ပြီး ရှုပ်ထွေးလာခဲ့ကာ အထူးသဖြင့် ထိုင်းတွင် ၂၀၁၄ အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် ထိုင်းစစ်တပ်သည် အမေရိကန်၏ ဝေဖန်မှုကို တန်ပြန်နိုင်ရန် တရုတ်နှင့် ဆက်ဆံရေး နီးစပ်စေရန် ကြိုးစားခဲ့သည်။

ယခုအခါတွင် ထိုင်းသည် Exercise Blue Strike အမည်ရှိ ရေတပ်စစ်ရေးလေ့ကျင့်မှု၊ Exercise Falcon Strike အမည်ရှိ လေတပ်စစ်ရေးလေ့ကျင့်မှုတို့ အပါအဝင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ ကြည်း၊ ရေ၊ လေတပ်ဖွဲ့များနှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

အောက်တိုဘာ ၁၆ ရက်မှစပြီး တရုတ်နှင့်ထိုင်းသည် ယူနန် (Yunnan) ပြည်နယ်၊ ကူမင်း (Kunming) မြို့တွင် ပူးတွဲ အကြမ်းဖက်မှု နှိမ်နင်းရေး စစ်ရေးလေ့ကျင့်မှုကို စတင်ပြုလုပ်ခဲ့သည်။

တရုတ်နိုင်ငံပိုင် CCTV ရုပ်သံက ထုတ်လွှင့်သည့် ဗွီဒီယိုမှတ်တမ်းများတွင် နှစ်နိုင်ငံစစ်သားများသည် မြို့ပြစစ်ဆင် ရေး စစ်ရေးလေ့ကျင့်မှု၊ ပရော်ဖက်ရှင်နယ်ဆန်ဆန် လက်နက်များ ဖလှယ်မှုနှင့် ထိုင်းစစ်သားများက တရုတ်လုပ် QBZ-95-1 ချေမှုန်းရေးရိုင်ဖယ်များကို အသုံးပြုမှု အစရှိသည့် မြင်ကွင်းများကို ဖော်ပြခဲ့သည်။

အပေါ်ယံကြည့်မည်ဆိုပါက ထိုစစ်ရေး လေ့ကျင့်မှုများသည် ၂၀၀၅ ခုနှစ်ကတည်းက စတင်ခဲ့သည့် လုပ်ရိုးလုပ်စဉ် စစ်ရေးလေ့ကျင့်မှုများအဖြစ် မြင်တွေ့ရမည်ဖြစ်သည်။

ယခုနှစ်တွင် ပြုလုပ်ခဲ့သည့် Strike-2024 အမည်ရှိ စစ်ရေး လေ့ကျင့်မှုမှာမူ ကွဲပြားမှုများ ရှိ/မရှိ လေ့လာသုံးသပ် ရမည်ဖြစ်သည်။

တရုတ်ထုတ် စစ်ဘက်သုံး ဒရုန်းကို တွေ့ရစဉ်

Strike-2024 စစ်ရေးလေ့ကျင့်မှုတွင် အသိသာဆုံးအချက်မှာ ဒရုန်းများကို စစ်ရေးလေ့ကျင့်မှုအတွင်း အသုံးပြုခဲ့ ခြင်းဖြစ်သည်။

ထိုင်းသည် မြန်မာနယ်စပ်ကို ကင်းလှည့်ရန်အတွက် စစ်ဘက်သုံးဒရုန်းများကို ဝယ်ယူရရှိရန် ကြိုးပမ်းနေသည်။

တရုတ်အတွက်မူ စစ်ဘက်သုံးဒရုန်းများကို စစ်ရေးလေ့ကျင့်မှုများနှင့် ပေါင်းစပ်ခြင်းသည် လက်နက်ရောင်းချမှုကို ချဲ့ထွင်ရန်နှင့် အာဆီယံတွင် တရုတ်၏ ကာကွယ်ရေးကဏ္ဍ ဆက်ဆံရေးများကို တိုးမြှင့်ရန် ရည်ရွယ်ခြင်းဖြစ် သည်။

တရုတ်-မြန်မာ နယ်စပ်အနီးတွင် ပြုလုပ်ခဲ့သည့် Strike-2024 စစ်ရေးလေ့ကျင့်မှုများသည် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ၊ လူမှောင်ခိုကူးမှုများ၊ လက်နက်မှောင်ခိုကူးမှုများကို နှိမ်နင်းရန် အပါအဝင် ဒေသတွင်း တည်ငြိမ် ရေးကို ခြိမ်းခြောက်နိုင်သည့် ပုံမှန်မဟုတ်သော ခြိမ်းခြောက်မှုများကို နှိမ်နင်းရန် အထူးသဖြင့် ကြမ်းတမ်းခက်ခဲ သည့် တောင်တန်းဒေသများတွင် ထိုင်းနှင့် တရုတ်စစ်သားများအတွက် သတင်းအချက်အလက်များကို ဖလှယ်ရန် ရည်ရွယ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

တရုတ်နှင့် ထိုင်းသည် နယ်စပ်ချင်း ထိစပ်နေခြင်း မရှိသည့်တိုင် ဒေသတွင်း လုံခြုံရေးခြိမ်းခြောက်မှုများကို မျှဝေဖြေရှင်းရန် နီးစပ်သည့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းထားသည်။

ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှု၏ သမိုင်းဝင်ဥပမာတစ်ခုမှာ ၁၉၇၀ ပြည့်နှစ်နှောင်းပိုင်းမှ ၁၉၈၀ ပြည့်နှစ်အထိ ကမ္ဘောဒီးယားကို ဗီယက်နမ်က ကျူးကျော်ဝင်ရောက်မှုကို တရုတ်နှင့် ထိုင်းတို့က တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုအချိန်က ထိုင်းသည် ကွန်မြူနစ်ဝါဒ ပျံ့နှံ့လာမည့် အရေးကို စိုးရိမ်ခဲ့ပြီး ကမ္ဘောဒီးယားနှင့် ထိုင်းနယ်စပ် တစ်လျှောက်တွင် ဗီယက်နမ်တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

တစ်ဖက်တွင်လည်း တရုတ်က ဗီယက်နမ်ကို ဆိုဗီယက်၏ အသုံးချခံအဖြစ်ရှုမြင်ခဲ့သည်။

ထို့ကြောင့်  တရုတ်နှင့် ထိုင်းသည် ၎င်းတို့၏ မဟာဗျူဟာမြောက် အကျိုးစီးပွားများအတွက် မဟာမိတ်ဖွဲ့ကာ ဗီယက်နမ်တပ်ဖွဲ့များကို ခုခံတော်လှန်နေသည့် ကမ္ဘောဒီးယား တပ်ဖွဲ့များကို လက်နက်များ ထောက်ပံ့ပေးခဲ့သည်။

မြန်မာ၊ ထိုင်း၊ တရုတ်၊ လာအို နိုင်ငံခြားရေးဝန်ကြီးများကို တွေ့ရစဉ်

မျက်မှောက်ခေတ် ကာလတွင်လည်း မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ကြောင့် တရုတ်နှင့်ထိုင်းကို နောက်တစ်ကြိမ် ပိုမိုနီးစပ်သွားစေခဲ့သည်။

နှစ်နိုင်ငံစလုံးသည် တရားမဝင် ရွှေ့ပြောင်း ဝင်ရောက်သူများအရေး၊ လူများနှင့် လက်နက်များ မှောင်ခိုကူးမှုကဲ့သို့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ အပါအဝင် မြန်မာပဋိပက္ခ၏ အကျိုးသက်ရောက်မှုများနှင့် ရင်ဆိုင်နေရသည်။

ထိုအခြေအနေများကြောင့် ထိုင်းနှင့်တရုတ်သည် မြန်မာနှင့်ထိစပ်နေသည့် ၎င်းတို့၏ နယ်စပ်ဒေသများတွင် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအတွက်မူ မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက အသုံးပြုနေသည့် ဒရုန်းများ သည် ထိုင်းနယ်စပ်၏ လုံခြုံရေးအတွက် ကြီးမားသည့် လုံခြုံရေးစိုးရိမ်စရာကိစ္စအဖြစ် သတ်မှတ်ထားသည်။

ဒရုန်းများသည် လေယာဉ်များကို ထောက်လှမ်းသည့် ပုံမှန်ရေဒါစနစ်များကို ရှောင်တိမ်းနိုင်စွမ်းရှိပြီး ထိုဒရုန်းများ ကိုပစ်ချရန် ဒုံးကျည်စနစ်များ အသုံးပြုရမည်ဖြစ်သဖြင့် ထိုင်းစစ်တပ်အတွက် အကုန်အကျများ လိမ့်မည်ဖြစ် သည်။

ထို့ပြင် ကီလိုမီတာ ၂၀၀၀ အရှည်အထိ ထိစပ်နေသည့် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် လူအင်အားဖြင့် ကင်းလှည့်ခြင်းသည် အလွန်ကြီးမားသည့် စိန်ခေါ်မှုဖြစ်သည်။

ထိုပြဿနာများကို ဖြေရှင်းရန် ထိုင်းနိုင်ငံ၏ ၂၀၂၄ ခုနှစ် ကာကွယ်ရေး စက္ကူဖြူစာတမ်းတွင် ထိုင်းစစ်တပ်သည် နယ်စပ်ဒေသလုံခြုံရေးအတွက် စစ်ဘက်သုံးဒရုန်းများကို ရရှိပိုင်ဆိုင်ရန်နှင့် ဒရုန်းဖျက်သည့် စွမ်းဆောင်ရည်များ ကို တိုးမြှင့်မည့် အစီအစဉ်များကို အလေးထားဖော်ပြခဲ့သည်။

တရုတ်ထုတ် စစ်ဘက်သုံး ဒရုန်းကို တွေ့ရစဉ်

ထိုသို့ လုပ်ဆောင်ရာတွင်  Predator နှင့် Reaper တို့ကဲ့သို့ အမေရိကန်လုပ် အကြီးစားဒရုန်းများသည် ထိုင်း အတွက် အလွန်ငွေကုန်ကြေးကျ များလိမ့်မည်ဖြစ်သည်။

ထို့ကြောင့် ထိုင်းတော်ဝင်တပ်မတော် (RTA) သည်  ၂၀၂၃ ခုနှစ်က တရုတ်၏ Norinco Sky Saker FX80  ဒရုန်း များကို ဝယ်ယူရန် စာချုပ်ချုပ်ဆိုခဲ့ပြီး ကင်းထောက်လှမ်းရေးနှင့် စောင့်ကြည့်ရေး စွမ်းဆောင်ရည်များကို တိုးမြှင့် ခဲ့သည်။

Strike-2024 စစ်ရေးလေ့ကျင့်မှုများအတွင်း ထိုင်းစစ်သားများသည် တရုတ်လုပ်ဒရုန်းများကို အသုံးပြုသည့် တန်ဖိုးရှိသည့် အတွေ့အကြုံများကို ရရှိခဲ့သည်။

ထိုစစ်ရေးလေ့ကျင့်မှုသည် နည်းပညာများ ဖလှယ်မှုအပြင် PLA နှင့် RTA တို့အတွက် မြန်မာနိုင်ငံမှ ထွက်ပေါ်လာ သည့် ပုံမှန်မဟုတ်သည့် လုံခြုံရေးခြိမ်းခြောက်မှုများကို ဖြေရှင်းရာတွင် ၎င်းတို့၏ နည်းဗျူဟာများကို ဆန်းသစ် တီထွင်နိုင်သည့် အခွင့်အရေးကို ရရှိခဲ့သည်။

တရုတ်အတွက်မူ ထိုင်းနှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခြင်းဖြင့် အရှေ့တောင်အာရှတွင် ကာကွယ်ရေး ကဏ္ဍ ဆက်ဆံမှုများကို မြှင့်တင်ရန်နှင့် တရုတ်လုပ်လက်နက်များ ရောင်းချမှုကို မြှင့်တင်ရန် အခွင့်အလမ်းကို ရရှိခဲ့သည်။

ထိုစစ်ရေး လေ့ကျင့်မှုများကြောင့် တရုတ်သည် ၎င်းတို့၏ စစ်ဘက်ဆိုင်ရာ နည်းပညာများ၏ အကျိုးထိရောက်မှု ကို ပြသခွင့်ရရှိခဲ့ပြီး ထိုင်းကဲ့သို့ အခြားနိုင်ငံများကို လက်နက်များ ရောင်းချခွင့်ရရှိရန် မျှော်မှန်းနိုင်ခဲ့သည်။

ထိုင်နိုင်ငံအတွက်လည်း ထိုစစ်ရေးလေ့ကျင့်မှုများမှ ကြီးမားသည့် အကျိုးကျေးဇူးများ ရရှိခဲ့သည်။

အစဉ်အလာအားဖြင့် အမေရိကန်၏ မဟာမိတ်ဖြစ်သည့် ထိုင်းသည် အမေရိကန်ထံမှ စစ်လက်နက်ပစ္စည်းများ ကိုသာ မှီခိုအားထားနေရသည်။

မည်သို့ပင်ဆိုစေ တရုတ်က ထိုင်းကို လက်နက်များ ရောင်းချမှု မြင့်တက်လာခြင်းသည် ဒေသတွင်း အမေရိကန်၏ လွှမ်းမိုးမှုကို ချိန်ခွင်လျှာညှိမည့် မဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။

စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန အင်စတီကျု (SIPRI) ၏ အဆိုအရ ယခုအခါတွင် လက်နက် ငယ်များ၊ တင့်ကားများ၊ ကျည်ကာကားများနှင့် ရေငုပ်သင်္ဘောများ အပါအဝင် ထိုင်းနိုင်ငံ၏ စစ်ဘက်သုံးပစ္စည်း များ ဝယ်ယူတင်သွင်းမှု စုစုပေါင်း၏ ၄၄ ရာခိုင်နှုန်းသည် တရုတ်၏ စစ်ဘက်သုံးပစ္စည်းများဖြစ်သည်ဟု ဖော်ပြ ထားသည်။

တရုတ်၏ နည်းပညာများအပေါ် ထိုင်း၏ မှီခိုအားထားမှု မြင့်တက်လာသည်နှင့်အမျှ တရုတ်-အမေရိကန် အားပြိုင်မှုတွင် ထိုင်းကို ကြားနေအဖြစ် ရပ်တည်ရန် တရုတ်က ထိုင်းအပေါ် ဖိအားပေးနိုင်မည်ဖြစ်သည်။

ထို့ကြောင့် ခြုံငုံသုံးသပ်ရမည်ဆိုပါက Strike-2024 စစ်ရေးလေ့ကျင့်မှုများသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်၏ ဂယက်ရိုက်ခတ်မှုများကို ဖြေရှင်းရန် အဓိကထား ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ယူဆနိုင်သည်။

ထိုင်း-တရုတ် ပူးတွဲစစ်ရေးလေ့ကျင့်နေစဉ်

မြန်မာ့အရေးသည် တရုတ်နှင့် ထိုင်းအတွင်း စိုးရိမ်မှုများနှင့် စိန်ခေါ်မှုများ ရှိနေသဖြင့် ထိုစစ်ရေးလေ့ကျင့်မှုသည် ၎င်းတို့ ၂ နိုင်ငံအကြား တစ်ဦး၏ နည်းဗျူဟာကို တစ်ဦးက လေ့လာခွင့်ရရှိစေသည့် အခွင့်အလမ်းကို ပေါ်ပေါက် စေခဲ့သည်။

ထို့ပြင် ထိုင်းသည် မြန်မာနယ်စပ်တစ်လျှောက် လုံခြုံရေးကို တိုးမြှင့်ရန် ဒရုန်းများဝယ်ယူဖို့ ကြိုးပမ်းနေချိန်တွင် ထိုစစ်ရေးလေ့ကျင့်မှုသည် တရုတ်အတွက် စစ်ဘက်ဆိုင်ရာ နည်းပညာများကို ထိုင်းအားပြသခွင့် ရရှိခဲ့ခြင်းဖြစ် သည်။

တရုတ်နှင့် ကမ္ဘောဒီးယားနိုင်ငံအကြား ပြုလုပ်သည့် 2024 Cambodia-China Dragon Gold စစ်ရေးလေ့ကျင့်မှု များတွင်လည်း တရုတ်သည် ၎င်းတို့၏ ဒရုန်းစွမ်းဆောင်ရည်များကို ပြသခဲ့ပြီးနောက် ယခုအကြိမ်တွင် ထိုင်းနှင့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

တရုတ်အနေဖြင့် ၎င်း၏ လက်နက်များ ရောင်းချမှုကို ချဲ့ထွင်ရန် အရှေ့တောင်အာရှနိုင်ငံများနှင့် စစ်ရေးလေ့ကျင့် မှုများပြုလုပ်ပြီး ခေတ်မီ ဒရုန်းများ၏ စွမ်းဆောင်ရည်ကို ဆက်လက် ပြသဖွယ်ရှိသည်။

မည်သို့ပင်ဆိုစေ တရုတ်နှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ရှိနေသည့်တိုင် ထိုင်းသည် ၎င်း၏ မဟာမိတ် အမေရိကန် အပါအဝင် အင်အားကြီး နိုင်ငံအားလုံးနှင့် ဆက်ဆံရေးကို ထိန်းသိမ်းရန် ရည်ရွယ်ထား သဖြင့် တရုတ်၏ လက်နက်များကို အထိန်းအကွပ်ဖြင့် ဝယ်ယူလိမ့်မည်ဟု ယူဆရသည်။

Source: The Diplomat