CNI International News

ဘန်ကောက်၊ အောက်တိုဘာ ၂၈

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ရက်ချာဒါနှင့် ဆက်သီဆန်ဒေသများရှိ တရားဝင် ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားသည့် ညပိုင်း ဖျော်ဖြေရေး နေရာများနှင့် လောင်းကစားလုပ်ငန်းများ တိုးပွားနေမှု အခြေအနေ၏ နောက်ကွယ်တွင် လူကုန်ထံ စီးပွားရေးသမား အုပ်စုတစ်စု ရှိ/မရှိကို မိမိတို့ စုံစမ်းစောင့်ကြည့်နေကြောင်း ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ ဆာရာချက်ဟက်ပန်က ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်က ရေးသားဖော်ပြသည်။

ဆူသီဆန်ဒေသသာမက ချောင်ဘူရီဒေသရှိ ပတ္တရားမြို့တွင်လည်း ရဲသားများက ကားရေဆေးရန် အသွင်ယူ၍ ကာရာအိုကေဆိုင်ကို ဝင်ရောက်စီးနင်းပြီးနောက် စုံစမ်းစစ်ဆေးရေး ချဲ့ထွင်ခဲ့ကြောင်း ၎င်းက ဆက်လက် ပြော ကြားခဲ့သည်။

ဆာသွန်ခရိုင်ရှိ၊ ချောင်ရတ်လမ်းတွင် အောက်တိုဘာ ၂၆ ရက် အစောပိုင်း၌ ကားရေဆေးဟန် အသွင်ယူ၍ ကာရာအိုကေဆိုင်အတွင်း ဝင်ရောက်စီးနင်းမှု၌ လူ ၂၆၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးခံရသူ အများစုမှာ တရုတ်နိုင်ငံသားများ ဖြစ်ကြကြောင်း သိရသည်။

ထိုင်းရဲများ ယမကာဆိုင် တစ်ဆိုင်ကို ဝင်ဖမ်းစဉ်

ဖမ်းဆီးရမိသူ အားလုံးကို ရဲက စစ်ကြောမေးမြန်းနေကြောင်း လူဝင်မှုကြီးကြပ်ရေးဗျူရို၏ ဒုတိယအကြီးအကဲ ရဲမှူးချုပ် ပန်တာနာကနက်ချာနက် (Pantana Nudchanad) က ပြောသည်။

ထိုနေ့တွင်ပင် ထူးဆန်းစွာ သေဆုံးသွားခဲ့သော အသက် ၃၂ နှစ်အရွယ် တရုတ်ခရီးသည် ယူစီဟွာ၏ သေမှုသေခင်း တွင် အမ်ဖက်တမင်းဆေးဝါး သဲလွန်စများကို တွေ့ရှိခဲ့ရကြောင်း ထိုင်းအာဏာပိုင်များက ပြောသည်။ ၎င်းသည် မသေဆုံးမီ ယခင် စက်တင်ဘာ ၁၇ ရက်၌ ရတ်ချဒါလမ်းရှိ ယမကာဆိုင်သို့ သွားရောက် လည်ပတ်ခဲ့ကြောင်း သိရ သည်။

အကြောင်းရင်း မသိရဘဲ သေဆုံးခဲ့သဖြင့် ၎င်း၏မိသားစုဝင်များက အမှုအသွားအလာကို အာရုံစိုက်ခဲ့ကြပြီး ထိုင်း နိုင်ငံရှိ တရုတ်သံရုံးသို့ ဆက်သွယ်၍ ဖြစ်စဉ်အပြည့်အစုံ သတင်းပို့ခဲ့သည်။

ထိုင်းနိုင်ငံသို့ လာရောက် လည်ပတ်ကြသည့် တရုတ်ခရီးသွား ဧည့်သည်များကို သီးခြားနေရာ ပေးလေ့ရှိသဖြင့် အခင်းဖြစ်ပွားရာ ယမကာဆိုင်နှင့် ကာရာအိုကေဆိုင် နှစ်ဆိုင်စလုံးတွင် မူးယစ်ကိစ္စကြောင့်ဟု ယုံကြည်စရာ အကြောင်းပြချက်များ ထွက်ပေါ်လာကြောင်း ရဲမှူးကြီး ဆူရာချက်က အောက်တိုဘာ ၂၆ ရက်တွင် ပြောကြားခဲ့ သည်။

ယမကာဆိုင်ထဲတွင် တွေ့ရသော မူးယစ်ဆေးများ

အဆိုပါ ခရီးသွား ဧည့်သည်များထဲမှ အချို့သည် ခရီးသွားဗီဇာဖြင့် ထိုင်းပြည်တွင်းသို့ ဝင်ရောက်လာကြပြီး တရားဝင် ခွင့်ပြုချက် မရှိဘဲ နည်းပညာသုံး စီးပွားရှာနေကြကြောင်း ရဲမှူးဆူရာချက်က ဆက်လက် ပြောကြားခဲ့သည်။

ချောင်ဘူရီမြို့ရှိ ရဲဗျူရိုနှင့် ခရိုင်ဒေသ အမှတ် (၂) ရဲတပ်ဖွဲ့တို့သည် အဆိုပါ မူးယစ် မသင်္ကာမှုများကို စုံစမ်း ဖော် ထုတ်နိုင်အောင် ပူးပေါင်းဆောင်ရွက်နေကြောင်း ၎င်းက ရှင်းပြခဲ့သည်။

စီးနင်းရှာဖွေခဲ့သည့် ဆာသွန်ခရိုင်ရှိ ကာရာအိုကေဆိုင်အတွင်းမှ မူးယစ်ဆေးဝါးများ သိမ်းဆည်း ရမိသည့်နေရာကို ရဲက စစ်ဆေးလျက်ရှိပြီး အဆိုပါဆိုင်သည် လာရောက်သည့် ဧည့်သည်များကို မူးယစ်ဆေးဝါး ဖြန့်ဝေရုံတင်မကဘဲ ဆိုင်ဝန်ထမ်းများကိုပါ ဆေးဝါးလက်ကျန် သိမ်းဆည်းထားဖို့ စေခိုင်းထားကြောင်း ပေါ်ပေါက်လာခဲ့သည်။

Source: Bangkok Post