CNI International News

ဘန်ကောက်၊ နိုဝင်ဘာ ၂၆

ထိုင်းနိုင်ငံ ဖီချစ်(Phichit)ပြည်နယ်ရှိ Pa Nakhon Chaibovorn ဘုန်းကြီးကျောင်းတွင် ကမ္မဋ္ဌာန်းကျင့်စဉ်အတွက် အသုံးပြုနေသည်ဟုဆိုသည့် လူသေအလောင်း ၄၀ ကျော်ကို တွေ့ရှိမှုအပေါ် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

အာဏာပိုင်များက ထိုဘုန်းကြီးကျောင်းရှိ အလောင်းများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ စုဆောင်း နေကာ အထောက်အထားများကို စိစစ်သုံးသပ်နေသည်ဟု ရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

ဘုန်းကြီးကျောင်းကမူ ထိုအလောင်းများကို ယုံကြည်သော ဒကာ ဒါယိကာမများက လာရောက် လှူဒါန်းထားခြင်း ဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

သို့သော် ရဲတပ်ဖွဲ့ကမူ ထိုအလောင်းများသည် ပုံမှန်အကြောင်းအရင်းများဖြင့် သေဆုံးခဲ့ခြင်း ဟုတ်၊မဟုတ် အတည်ပြုနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်ဗုဒ္ဓဘာသာအဖွဲ့အစည်းကိုလည်း  ဗုဒ္ဓဘာသာ၏ အခြေခံ သဘောထားနှင့် ကွဲလွဲမှုရှိစေနိုင်သည့် ဘုန်းကြီးကျောင်း၏ ကျင့်စဉ်များနှင့်ပတ်သက်ပြီး အကဲဖြတ်ရန် တောင်းဆိုထားသည်။

ထိုင်းရဲတပ်ဖွဲ့နဲ့သတင်း‌ထောက်များကို တွေ့ရစဉ်

ဖီချစ်ဗုဒ္ဓဘာသာအဖွဲ့အစည်းမှ Kom Pattarakulprasert က ကမ္မဋ္ဌာန်းကျင့်စဉ်ကို လေ့လာရန် ကျောင်းထိုင် ဆရာတော် Phra Ajarn Saifon Phandito ၏ Pa Nakhon Chaibovorn ဘုန်းကြီးကျောင်းသို့ ရောက်ရှိလာ ခဲ့သည်။

အလောင်းများ ထည့်ထားသည့် အခေါင်းများကို ထားရှိသော အဆောက်အအုံတွင် တရားထိုင်ရသည့် ကျင့်စဉ် သည် အသစ်အဆန်းဖြစ်ပြီး ပုံမှန်မဟုတ်သော ချဉ်းကပ်လုပ်ဆောင်မှုဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

"ဆရာတော် Phra Ajarn Saifon Phandito ကို အခေါင်းတွေထဲမှာ အလောင်းတွေ ရှိ၊မရှိ မေးမြန်းတုန်းကတော့ ဆရာတော်က မရှိဘူးလို့ ဖြေခဲ့ပါတယ်။ ဒါပေမဲ့ သတင်းထောက်တွေက အလောင်း ၄၁ လောင်းကို တွေ့တယ်ပြော တော့ အတော်လေး အံ့အားသင့်သွားခဲ့ပါတယ်"ဟု ၎င်းက ပြောပြခဲ့သည်။

Source: Bangkok Post