CNI International News

ဘန်ကောက်၊ ဒီဇင်ဘာ ၄

ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဆိုးရွားသည့် ရေလွှမ်းမိုးမှုများ ဖြစ်ပွားနေချိန်တွင် ဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) သည် ရေဘေးကယ်ဆယ်ရေးနှင့်ပတ်သက်ပြီး နှောင့်နှေးကြန့်ကြာနေကြောင်း ဝေဖန်မှုများနှင့်ရင်ဆိုင်နေရသည်ဟု The Nation မှ ဖော်ပြခဲ့သည်။

ထိုရေဘေး အကျပ်အတည်းသည် ပေတုန်တန်၏ အစိုးရအဖွဲ့အတွက် ကြီးမားသော ဖိအားတစ်ခုဖြစ်လာပြီး ထိရောက်သည့် ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဖြေရှင်းချက်များ လုပ်ဆောင်ရန် တောင်းဆိုမှုများ မြင့်တက်နေသည်။

အစိုးရအဖွဲ့၏ တုန့်ပြန်ဆောင်ရွက်မှုကို ကျွမ်းကျင်သူများက ဂရုတစိုက် လေ့လာစောင့်ကြည့်နေပြီး ဝေဖန်ရေး သမားများကမူ ယခုနှစ် အစောပိုင်းက နိုင်ငံမြောက်ပိုင်းတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပွားနေချိန်၌ ရေလွှမ်းမိုးမှု၊ မုန်တိုင်းနှင့် မြေပြိုမှု ဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းစင်တာ ထူထောင်မှုသည် နှောင့်နှေးကြန့်ကြာ ခဲ့ကြောင်း ထောက်ပြပြောဆိုခဲ့ကြသည်။

ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်

သဘာဝဘေး ကယ်ဆယ်ရေး လုပ်ငန်းစဉ်များအတွက် ထိုကဲ့သို့ စင်တာမျိုး ထူထောင်သင့်ကြောင်း ပညာရှင်များ နှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများက ဝိုင်းဝန်းတိုက်တွန်းသည့် အချိန်မှသာ အစိုးရက ထိုစင်တာကို ထူထောင် ခဲ့ခြင်းဖြစ်သည်။

လက်ရှိ နိုင်ငံတောင်ပိုင်းတွင် ဖြစ်ပွားနေသည့် အခြေအနေနှင့်ပတ်သက်ပြီး ဝန်ကြီးချုပ် ပေတုန်တန် ထုတ်ပြန်ခဲ့ သည့် ကြေညာချက်သည်လည်း အွန်လိုင်းတွင် ဝေဖန်ခံနေရသည်။

"တောင်ပိုင်းကို လျစ်လျူရှုထားတယ်ဆိုတဲ့ ပြောကြားချက်တွေနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ကျမအမျိုးသား က တောင်ပိုင်းကပါ။ သူ့မိသားစုကလည်း တောင်ပိုင်းကပါ။ တကယ်လို့သာ ကျမက တောင်ပိုင်းကို လျစ်လျူရှု ထားရင် ဒါမှမဟုတ် တောင်ပိုင်းကို မချစ်ဘူးဆိုရင် ကျမက တောင်ပိုင်းသားကို လက်ထပ်မှာ မဟုတ်ပါဘူး" ဟု ပေတုန်တန်က ကြေညာချက်အတွင်း ရေးသားခဲ့သည်။

အတိုက်အခံ အမျိုးသမီးကို တွေ့ရစဉ်

ပေတုန်တန်၏ ရေးသားဖော်ပြချက်အပေါ် လူအများစုက ပြင်းထန်စွာ ဝေဖန်ခဲ့ကြပြီး ပေတုန်တန်သည် ရေဘေးသင့်ဒေသအတွက် အသင့်ရှိမနေဘဲ စာနာမှုကင်းမဲ့ကြောင်း ဝေဖန်ခဲ့ကြသည်။

အတိုက်အခံ ခေါင်းဆောင်များကလည်း ပေတုန်တန်ကို ဝေဖန်သူများထဲတွင် ပါဝင်လာခဲ့ပြီး အကျပ်အတည်းများ ဖြစ်ပွားနေချိန်အတွင်း ပရောဖယ်ရှင်နယ်ကျသည့် ခေါင်းဆောင်မှုကဏ္ဍ လိုအပ်ကြောင်း ပြောကြားခဲ့သည်။

"ထိုင်းလူမျိုးတွေက ဝန်ကြီးချုပ်ရဲ့ မိသားစုကို ချစ်ကြပါတယ်။ ဒါပေမယ့် အခုလို ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို တော့ သီးသန့်ထားသင့်ပါတယ်" ဟု ပြည်သူ့ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ပက်ကာမွန် နျူနာနန် (Pukkamon Nunarnan) က ပြောကြားခဲ့သည်။

Source: The Nation