CNI International News

ဘန်ကောက်၊ စက်တင်ဘာ ၁၈

ထိုင်းနိုင်ငံတွင် ရေလွှမ်းမိုးမှု ဖြစ်ပွားနေသည့် ပြည်နယ်များရှိ ရေဘေးသင့် အိမ်ထောင်စုတိုင်းကို ဘဏ္ဍာရေး အထောက်အပံ့အဖြစ် အများဆုံး ဘတ် ၂၃၀,၀၀၀ စီ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း  ဝန်ကြီးချုပ် ပေတုန်တန် (Paetongtarn Shinawatra) က ပြောကြားခဲ့သည်။

ထို့ပြင် သေဆုံးမှုများကဲ့သို့ အခြားထိခိုက် နစ်နာမှုများအတွက်လည်း ဘတ် ၄၀,၀၀၀ မှ ဘတ် ၅၀,၀၀၀ နစ်နာ ကြေး ပေးသွားမည်ဟုလည်း ဝန်ကြီးချုပ်၏ အတွင်းရေးမှူးချုပ် ပရွမ်မင် လတ်ဆူရီဒက်ဂျ် (Prommin Lertsuridej) က ထပ်လောင်း ပြောကြားခဲ့သည်။

စက်တင်ဘာ ၁၈ ရက်တွင် ပြုလုပ်မည့် အစိုးရအဖွဲ့ အစည်းအဝေးအတွင်း ရေဘေးကယ်ဆယ်ရေးအတွက် ဗဟို ဘတ်ဂျက်ထဲမှ ဘတ် ၃ ဘီလျံကို ထုတ်ပေးရန် အဆိုပြုသွားမည်ဟု ပေတုန်တန်က ပြောသည်။

စက်တင်ဘာ ၁၇ ရက်က ပြုလုပ်သည့် ရေဘေး၊ မုန်တိုင်းဘေးနှင့် မြေပြိုမှု ဘေးအန္တရာယ်ဆိုင်ရာ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အပြီးတွင် ပေတုန်တန်က ရေလွှမ်းမိုးမှုပြဿနာနှင့် ကယ်ဆယ်ရေး အစီ အစဉ်များကို ကြီးကြပ်ကွပ်ကဲရန် အစိုးရအဖွဲ့သည် ရေလွှမ်းမိုးမှုဆိုင်ရာ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး အထောက် အကူပြု စင်တာတစ်ခု ထူထောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုင်းအစိုးရအဖွဲ့ အစည်းအဝေးကို တွေ့ရစဉ်

ထိုစင်တာကို ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဖွမ်သမ် ဝီချာယာချိုင်း (Phumtham Wechayachai) က ဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားမည်ဖြစ်ပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး အနူတင် ချန်ဗီရာကူလ် ( Anutin Charnvirakul ) က ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားမည်ဖြစ်သည်။

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ရေလွှမ်းမိုးမှု မြင့်တက်နေပြီး မြောက်ပိုင်းရှိ နေရာဒေသအချို့တွင် မိုးသည်းထန် စွာ ရွာသွန်းမှုများရှိနေသည့်တိုင် ရေများပြန်ကျလာပြီဖြစ်ကြောင်း ပေတုန်တန်က ပြောကြားခဲ့သည်။

ပြည်နယ်ဆိုင်ရာ အာဏာပိုင်အဖွဲ့များသည် ရေများစီးဆင်းနေသည့် အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး နောက်ထပ် ဖြစ်နိုင်ခြေရှိသော ရေလွှမ်းမိုးမှု အခြေအနေများအတွက် ပြင်ဆင်မှုများ ပြုလုပ်ရန် သတိပေး နှိုးဆော်ချက်များ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပေတုန်တန်က ပြောကြားခဲ့သည်။

ယခုနှစ်တွင် ဖြစ်ပွားသည့် ရေလွှမ်းမိုမှု အခြေအနေသည် ယခင်နှစ်များက ဖြစ်ပွားခဲ့သော ရေလွှမ်းမိုးမှုများထက် ပိုမိုဆိုးရွားလိမ့်မည် မဟုတ်ဟု အရာရှိများက မျှော်မှန်းထားသည်။

ကျောက်ဘုရားမြစ် (Chao Phraya River) သည် ရေများ ဝင်ဆံ့နိုင်သည့် အခြေအနေတွင် ရှိနေသဖြင့် ရေလွှမ်း မိုးမှုကြောင့် စီးဆင်းနေသည့် ရေများသည် ဘန်ကောက်မြို့တော် နယ်နိမိတ်ကို သက်ရောက်မှုရှိလိမ့်မည် မဟုတ် ကြောင်း ပေတုန်တန်က ပြောကြားခဲ့သည်။

Source: The Nation