CNI International News

ဘန်ကောက်၊ ဇွန်လ ၆

ဒုတိယဝန်ကြီးချုပ်ဟောင်း ဝစ္စနူ ကရီယာနမ် (Wissanu Krea-ngam) အား လစာငွေနှင့် ပိုင်ဆိုင်မှုများ ကြေညာ ခြင်းမရှိသည့်တိုင် အစိုးရ၏ တရားဝင် ရာထူးနေရာ မဟုတ်ဘဲ ၎င်း၏ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ရန် ဆုံးဖြတ်ခဲ့မှုအပေါ် ဖြေရှင်းရန် အသင့်ရှိကြောင်း ဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) က ပြောကြားခဲ့ကြောင်း Thai PBS World  မှ ဖော်ပြခဲ့သည်။

ပရာယွတ် (Prayut) အစိုးရအဖွဲ့အတွင်း ၈ နှစ်ကြာ ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဝစ္စနူအား အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်မှုကို လွှတ်တော်အမတ်များက ကျေနပ်ခြင်းမရှိခဲ့ဘဲ ထိုခန့်အပ်မှုသည် ပါတီ၏ တရားရေးကျွမ်းကျင်သူများကို ကျော်လွန်ပြီး အပြင်လူတစ်ဦးကို ခန့်အပ်ခြင်းဖြစ်သည်ဟု ရှုမြင်ခံခဲ့ ရသည်။

လက်ရှိတွင် ဝစ္စနူသည် ဆရီသာကို အထက်လွှတ်တော်အမတ် ၄၀ က တရားစွဲဆိုထားသည့် အမှုကို ပြန်လည် ချေပမည့် လျှောက်လှဲချက်ကို စစ်ဆေးနေပြီး ဇူလိုင် ၁၀ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်သွင်းရန် ပြင်ဆင်လျက်ရှိသည်။

ထိုင်းဒုတိယဝန်ကြီးချုပ်ဟောင်း ဝစ္စနူ ကရီယာနမ်ကို တွေ့ရစဉ်

ဆရီသာသည် အဂတိလိုက်စားမှု အမည်းစက်ရှိခဲ့သည့် ပီချစ် ချူအန်ဘန် (Phichit Chuenban) အား ဝန်ကြီးချုပ်ရုံး ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့မှုကြောင်း အထက်လွှတ်တော် အမတ်များက ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံးတွင် စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။

ထိုအမှု စတင်ပေါ်ပေါက်ခဲ့ချိန်ကတည်းက ပီချစ်သည် ရာထူးမှ နုတ်ထွက်သွားခဲ့သည်။

ဆရီသာက သူသည် ဝစ္စနူ၏ ရာထူးခန့်အပ်မှုနှင့်ပတ်သက်ပြီး ၎င်း၏ ဖြူးထိုင်းပါတီအတွင်း ၎င်းအား ရှုတ်ချပြော ဆိုသူများနှင့် ထိပ်တိုက်တွေ့မည့်အရေးမှ ရှောင်လွှဲရန်အတွက် ဖြူးထိုင်းပါတီ အစည်းအဝေးကို တက်ရောက်မည် ဖြစ်ကြောင်း၊ ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖြူးထိုင်းပါတီ၏ လွှတ်တော်ကိုယ်းစားလှယ်များကို ရှင်းလင်းတင်ပြမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်း၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ပါတီ၏ လွှတ်တော်အမတ်အချို့က ကျေနပ်ခြင်း မရှိခဲ့သဖြင့် ၎င်းတွင် ဖြေရှင်းရန် တာဝန်ရှိကြောင်း၊ သို့မှသာ အတူတကွ ဆက်လက် လက်တွဲလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ဆရီသာ က ပြောကြားခဲ့သည်။

 ပေတုန်တန်ကို တွေ့ရစဉ်

ဆရီသာသည် တရားရေး ကိစ္စများနှင့်ပတ်သက်ပြီး ၎င်းအား အကူအညီပေးရန် ဝစ္စနူကို ချဉ်းကပ်ရန် ဆုံးဖြတ်ခဲ့ ခြင်းဖြစ်ပြီး အစောပိုင်းက ဝစ္စနူကို ဒုတိယဝန်ကြီးချုပ် ရာထူးကိုပင် ကမ်းလှမ်းခဲ့ဖူးသည်။

သို့သော်လည်း ဝစ္စနူက ဒုတိယဝန်ကြီးချုပ် ရာထူးနေရာကို ငြင်းဆိုခဲ့ပြီး တရားဝင် ရာထူးနေရာ သို့မဟုတ် အစိုးရ လစာငွေကို မယူဘဲ အကြံပေးပုဂ္ဂိုလ်အဖြစ် လုပ်ဆောင်မည်ဟု သဘောတူခဲ့သည်။

ဇွန်လ ၄ ရက်က ဖြူးထိုင်းပါတီခေါင်းဆောင် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) သည် ဝစ္စနူအား ရာထူးခန့်အပ်မှုနှင့်ပတ်သက်ပြီး ပါတီဌာနချုပ်တွင် ပြုလုပ်သည့် အစည်းအဝေးအတွင်း အခြေအနေကို တင်းမာမှု လျှော့ချရန် ကြိုးပမ်းခဲ့သည်။

ပါတီ၏လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ဝစ္စနူအား ခန့်အပ်မှုကို လက်ခံရန်နှင့် ၎င်းအား နားလည်ပေးရန် တိုက်တွန်းခဲ့ပြီး ပါတီဝင်များအနေဖြင့် စည်းလုံးညီညွတ်စွာဖြင့် ရှေ့ဆက်လက်တွဲ လုပ်ဆောင်သွားကြရန် ပေတုန်တန်က ပြောကြားခဲ့သည်။

Source: Thai PBS World