CNI International News

ဘန်ကောက်၊ စက်တင်ဘာ ၆

ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝပ် (Paetongtarn Shinawatra) က မကြာမီ ထုတ်ပြန်မည့် ၎င်း၏မူဝါဒများ သည် ယခင်ဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) ချမှတ်ခဲ့သည့် မူဝါဒများနှင့်  တူညီနေလိမ့်မည် ဟု ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

သို့သော် ထိုင်းလူမျိုးများအား ဒစ်ဂျစ်တယ်ငွေကြေး ထောက်ပံ့မှု အစီအစဉ်တွင် အချို့အချက်များကို ပြောင်းလဲ မည်ဟု ၎င်းက ပြောသည်။

ပေတုန်တန်သည် ဖြူးထိုင်းပါတီ၏ ယာယီဌာနချုပ်ဖြစ်သည့် Shinawatra Tower 3 တွင် စက်တင်ဘာ ၅ ရက်က ၎င်း၏ မူဝါဒများကို အပြီးသတ်နိုင်အောင် ရေးဆွဲလျက်ရှိသည်။

ထိုအဆောက်အအုံအတွင်း ပေတုန်တန်၏ ဖခင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) ဝင်ရောက်သွားခဲ့သည်ကို တွေ့ရသော်လည်း သက်ဆင်သည် သတင်းထောက်များနှင့် စကားပြော ရန် ငြင်းဆိုခဲ့သည်။

ပေတုန်တန်ကမူ ၎င်းရေးဆွဲနေသော မူဝါဒ ကြေညာချက်တွင် ပါရှိသည့် အကြောင်းအရာများသည် ယခင်အစိုးရ အဖွဲ့၏ မူဝါဒများနှင့် တူညီလိမ့်မည်ဟု ပြောကြားခဲ့သည်။

ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝပ်နဲ့ သက်ဆင်ကို တွေ့ရစဉ်

"တည်ဆဲ မူဝါဒတွေကိုပဲ အဓိကထားပြီး ပြန်လည်ထည့်သွင်းသွားမှာပါ။ ဒါပေမယ့် ဒစ်ဂျစ်တယ်ငွေကြေး ထောက်ပံ့မယ့် အစီအစဉ်မှာတော့ အပြောင်းအလဲ အနည်းငယ် ရှိပါလိမ့်မယ်" ဟု ပေတုန်တန်က ရွေးကောက်ပွဲ အကြို မဲဆွယ်စည်းရုံးချိန်ကာလက ကတိကဝတ်ဖြစ်သည့် ထိုင်းလူမျိုးများအား ဒစ်ဂျစ်တယ်ငွေကြေး ထောက်ပံ့ မည့် အစီအစဉ်ကို ရည်ညွှန်းပြောကြားခဲ့သည်။

ဒစ်ဂျစ်တယ် ငွေကြေး ထောက်ပံ့ပေးမည့် အစီအစဉ်တွင် အပြောင်းအလဲ အနည်းငယ်ပြုလုပ်ရန် လိုအပ်ကြောင်း၊ ထိုအစီအစဉ်တွင် အချို့သောသူများကို ဒစ်ဂျစ်တယ်ငွေကြေးအစား ငွေသားများ ထုတ်ပေးမည့် ပြောင်းလဲချက် လည်း ပါဝင်လိမ့်မည်ဖြစ်ကြောင်း လက်ထောက်ဘဏ္ဍာရေးဝန်ကြီး ဂျာလာပန် အမ်မွန်ဗီဗက် ( Julapun Amornvivat) က စက်တင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် မူဝါဒများတွင်လည်း ဆရီသာ၏ မူဝါဒါများအတိုင်း ဆက်လက် လုပ်ဆောင် မည်ဟု ပေတုန်တန်က ပြောကြားခဲ့သည်။

"ဝန်ကြီးချုပ်နေရာ အပြောင်းအလဲ ရှိခဲ့ပေမယ့် ဖြူးထိုင်းပါတီဟာ ညွန့်ပေါင်းအစိုးရရဲ့ အဓိက ပါတီတစ်ခုအဖြစ် ဆက်ရှိနေဆဲဖြစ်ပါတယ်"ဟု ၎င်းက ဆိုသည်။

ထို့ပြင် ယခင်ဝန်ကြီးချုပ် ဆရီသာ လက်ထက်က စတင်ကျင့်သုံးခဲ့သည့် နိုင်ငံတကာ ကုန်သွယ်ရေး မူဝါဒများ ကိုလည်း အပြောင်းအလဲမရှိ ဆက်လက် လုပ်ဆောင်မည်ဟု ပေတုန်တန်က ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်