CNI News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၆

ယင်းမာပင် PDF တပ်ဖွဲ့အတွက် လက်နက်ဝယ်ယူရန် ဦးအောင်ကြည်ညွန့် သမီးနှင့်သမက်ကို တာဝန်ပေးခဲ့ သော်လည်း ယနေ့အချိန်ထိ မည်သည့် လက်နက်မှ မရောက်လာခြင်းကြောင့် ငွေကြေး လိမ်လည်သွားမှုဖြင့် အရေးယူရန် ကြိုးပမ်းနေသည်ဟု ယင်းမာပင် PDF က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်ကို ယင်းမာပင် PDF ခေါင်းဆောင် ဗိုလ်သံမဏိက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၁ ခုနှစ်၊ သြဂုတ်လတွင် ယင်းမာပင် PDF တပ်ဖွဲ့အတွက် လက်နက်ဝယ်ယူရန် ဦးအောင်ကြည်ညွန့်၏ သမီးနှင့် သမက်တို့အား တာဝန်ပေး ဆောင်ရွက်စေခဲ့ကြောင်း၊ သို့သော် ၂၀၂၄ ခုနှစ်၊ သြဂုတ်လကုန်အထိ ၃ နှစ်တာ ကာလ အတွင်း မည်သည့်လက်နက်မျှ ရောက်ရှိလာခြင်းမရှိကြောင်း ယင်းမာပင် PDF က ထုတ်ပြန်ခဲ့သည်။

အများပြည်သူ လှူဒါန်းသည့် ငွေကြေး SGD 50766.28 (စင်္ကာပူဒေါ်လာ ၅၀၇၆၆.၂၈)ကို လိမ်လည်ယူဆောင် သွားသည်ဟု ထုတ်ပြန်ချက်တွင် ပြောထားသည်။

ယင်းမာပင် PDF ထုတ်ပြန်ချက်ကို တွေ့ရစဉ်

ထို့ကြောင့် လိမ်လည်သွားသူများနှင့် ဆက်စပ်သူများအား ဖော်ထုတ်အရေးယူနိုင်ရန် ဂျပန်နိုင်ငံ၊ အိုဆာကာမြို့ တွင် နေထိုင်သည့် မြန်မာ့အရေး ကူညီသူ ဦးအောင်မြတ်ဝင်း (LLB,Master of Urban Policy-Japan)အား အမှုမှန် ပေါ်ပေါက်ရေးအတွက် စိစစ်အရေးယူ ဆောင်ရွက်နိုင်ရန် ဗိုလ်သံမဏိမှ တာဝန်ပေးလွှဲအပ်လိုက်သည်ဟု ယင်းမာပင် PDF က ထုတ်ပြန်ခဲ့သည်။

ဦးအောင်ကြည်ညွန်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဖြစ်ပြီး လက်ရှိတွင် မြန်မာ့တပ်မတော် ဖြုတ်ချရေးပေါ်ပေါက်လာသော နွေဦးတော်လှန်ရေးကာလအတွင်းမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နှင့် အဝေးရောက် NLD ပါတီ ဗဟိုအလုပ်ကော်မတီ (CWC)တွင် ခေါင်းဆောင် တာဝန်ယူထားသူဖြစ်သည်။

လက်ရှိတွင် အမေရိကန်နိုင်ငံသို့ ထွက်သွား၍ နေထိုင်ကာ နွေဦးတော်လှန်ရေးကို လုပ်ဆောင်နေသည်။