CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၇
မြန်မာနိုင်ငံအတွင်းရှိ မြို့ပေါင်း ၉၀ ကျော်ကို လက်လွှတ်ဆုံးရှုံးထားရသည့် မြန်မာ့တပ်မတော်သည် ယခုနှစ်လယ်ပိုင်းမှစတင်၍ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပိုများလာနေကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တအာင်းတပ်(TNLA) သိမ်းပိုက်ထားသည့် နောင်ချိုမြို့အား မြန်မာ့တပ်မတော်က ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆ ရက်၌ ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ ကယားပြည်နယ်၊ မိုးဗြဲမြို့ကိုလည်း KNPP၊ KNDF နှင့် PDF များထံမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၆ ရက်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း မြန်မာ့တပ်မတော်မှ ထုတ်ပြန်ခဲ့သည်။
မြန်မာ့တပ်မတော်သည် နှစ်ပေါင်း ၇၀ ကျော် အုပ်ချုပ်လာကြသူများဖြစ်၍ ၎င်းတို့ဆုံးရှုံးထားသည့် နယ်မြေများ ကြောင့် စစ်ရေး၌ အလွယ်တကူ နောက်ဆုတ်မည်ဟု မထင်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
နောင်ချိုမြို့ကို ပြန်သိမ်းပြီးနောက် ဒုဗိုလ်ချုပ်ကြီးနိုင်နိုင်ဦး ရောက်လာစဉ်
၎င်းက “သူတို့ကတော့ လုပ်မှာပဲလေ။ ဘာဖြစ်လို့လဲဆိုတော့ အခုကြားတဲ့အတိုင်းပဲ ဆုံးရှုံးထားတဲ့ နယ်မြေတွေ ပြန်ရရေး ဘာရေးအကုန်တော့ သူတို့လုပ်နေကြတာပဲလေ။ သူတို့က တော်ရုံအားဖြင့် တကယ့် တကယ်တော့ သူတို့မှာ အားသာချက်တွေ အများကြီးရှိတယ်ဆိုတာ ကျမတို့လည်း မြင်နေတာပဲလေ။ တော်ရုံနဲ့တော့ သူတို့လည်း နောက်ဆုတ်မယ် မထင်ဘူး။ သူတို့က နှစ်ပေါင်း ၇၀ အုပ်ချုပ်လာတဲ့လူတွေ။ အဲဒီတော့ သူတို့မှာ ကျမတို့ထက် စာရင် အများကြီး အချက်အလက်တွေရှိတယ်။ အခြေခံ အဆောက်အအုံတွေရှိတယ်။ ဒါကြောင့်မို့လို့ လုပ်နိုင်တာ။ ကျမတို့က စစ်အာဏာရှင်စနစ်ကို တိုက်နေတာ မနေ့တစ်နေ့ကမှ တိုက်နေတာ မဟုတ်ဘူး။ နွေဦးတော်လှန်ရေး ပေါ်လာတာတောင် ၄ နှစ်၊ ၅ နှစ်ရှိပြီ။ တကယ့်တကယ် ၁၉၆၂ ခုနှစ်၊ ဇူလိုင် ၇ ရက်ထဲက ကျမတို့ တိုက်လာတာ အနှစ် ၆၀ ကျော်ပြီ။ ဒီတိုက်ပွဲကြီးက ဒီတစ်ခါမှာတော့ တိုက်လာတာ အပြင်းထန်ဆုံးနဲ့ လူထုတစ်ရပ်လုံး ပါလာတဲ့ တိုက်ပွဲ။ သို့သော်လည်း ကျမတို့ မျှော်လင့်သလို မြန်မြန်ဆန်ဆန်ကြီးနဲ့ ပြီးသွားဖို့ဆိုတာ သိပ်မလွယ်လှဘူး” ဟု ပြောသည်။
ရွေးကောက်ပွဲကို ယခုနှစ်ကုန်တွင် စတင်ကျင်းပမည်ဟု ပြောဆိုထားသည့်အတွက် ရွေးကောက်ပွဲမတိုင်ခင် စပ်ကြား မြန်မာ့တပ်မတော် အနေဖြင့် ဆုံးရှုံထားသည့် နယ်မြေများကို ရသလောက် ပြန်လည်ထိုးစစ်ဆင်၍ ရယူသွားနိုင်ဖွယ်ရှိသည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။
လက်ရှိတွင် မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်ရာ၌ မြေပြင်စစ်အင်အားထက် လေကြောင်းနှင့် ဒရုန်းကို အများအပြား အသုံးပြု၍ တိုက်ခိုက်လာခြင်းဖြစ်ကြောင်း ၎င်းတို့က ထောက်ပြကြသည်။
ဇူလိုင် ၁၆ ရက်နေ့က ပြန်လည်ထိန်းချုပ်သွားနိုင်သည့် နောင်ချိုမြို့ကိုလည်း စစ်ကူစစ်ကြောင်းများစွာပို့ခဲ့ပြီး လေကြောင်းပစ်ကူခြင်းအပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ဝေဟင်နှင့်မြေပြင် ပေါင်းစပ်၍ တိုက်ခိုက်ရယူခဲ့ ခြင်းဖြစ်ကြောင်း မြန်မာ့တပ်မတော်မှ ထုတ်ပြန်ထားသည်။
TNLA တပ်ဖွဲ့ကို တွေ့ရစဉ်
လက်ရှိတွင် မြန်မာ့တပ်မတော်ဘက်မှ ဖြစ်သင့်ဖြစ်ထိုက်သည့် လမ်းကြောင်းအတိုင်း သွားနေသောကြောင့် စစ်ရေးအရ အရေးသာမှုများ ပြန်ရလာခြင်းဖြစ်သည်ဟု သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
“တပ်မတော်ဟာ နိုင်ငံရဲ့ တည်ဆဲရေး၊ တည်ငြိမ်အေးချမ်းရေး ဒါတွေအကုန်လုံးကို အာမခံထားတဲ့ အဖွဲ့အစည်း တစ်ရပ် ဖြစ်တဲ့အတွက်ကြောင့် ဒီလိုဖြစ်တဲ့ ကိစ္စရပ်တွေကို ပြန်ပြီးတော့ နဂိုမူလ အခြေအနေ ရောက်အောင် ပြန်လုပ်ကြရမှာကို။ အခုလည်း သူ့ရဲ့တာဝန်ဖြစ်တဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးအတွက် လိုအပ်တဲ့ဟာတွေ ကို ဆောင်ရွက်နေခဲ့တာပေါ့။ အရင်တုန်းကဆို ကျနော်တို့ သုံးသပ်ချက်အရ တချို့အပိုင်းတွေကတော့ နိုင်ငံရေး အရသော်လည်းကောင်း၊ တချို့တချို့သော အကြောင်းကြောင်းကြောင့်တွေလည်းကောင်း စစ်ဆင်ရေးပိုင်းဆိုင်ရာ တွေမှာ သိပ်ထိထိမိမိ မလုပ်ဘဲနဲ့ စေ့စပ်ဆွေးနွေးညှိနှိုင်းရေးပေါ့။ နိုင်ငံရေးဆန်တဲ့ နည်းလမ်းတွေကို ပိုပြီးတော့ အားပြုခဲ့တာပေါ့။ အဲဒီအချိန်မှာတော့ တစ်ဖက်က စစ်ရေးကို အရမ်းဦးစားပေးပြီး ကိုယ့်ဘက်က နိုင်ငံရေးသွားတဲ့ အခါကြတော့ ဦးတည်ချက် မတူတဲ့အတွက်ကြောင့် တချို့သော စခန်းတွေ၊ နယ်မြေတွေ လက်လွှတ်လိုက်တာ မျိုးတွေ ရှိခဲ့တာပေါ့။ ဒါပေမယ့် အခုအချိန်မှာတော့ နိုင်ငံရေးလမ်းကြောင်း သွားနေတာက တစ်ပိုင်း၊ စစ်ရေးအရ ပြန်လည်ပြီး လိုအပ်တဲ့ ဖြည့်စွက်တာတွေလုပ်တာ။ ပြောရရင်တော့ လမ်းကြောင်း နှစ်ခုပေါ့။ သူ့ဖြစ်သင့် ဖြစ်ထိုက်တဲ့ လမ်းကြောင်းအတိုင်း သွားနေတဲ့အတွက်ကြောင့် ဆက်တိုက် စစ်ရေး အရေးသာမှုတွေ ပြန်ရလာ တယ်လို့ သုံးသပ်ပါတယ်” ဟု ပြောသည်။
နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်သွားနိုင်သည့်အတွက် ကျောက်မဲမြို့ကို ထပ်မံ၍ ထိုးစစ်ဆင် တိုက်ခိုက်လာ နိုင်ကြောင်း၊ ထို့နောက် သီပေါမြို့သို့ ဆက်လက် ထိုးစစ်ဆင်နိုင်ကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက သုံးသပ်ထားကြသည်။
လက်ရှိတွင် ဗန်းမော်မြို့၌လည်း မြန်မာ့တပ်မတော်အနေဖြင့် KIA လက်ထဲသို့ မဆုံးရှုံးစေရေး ခုခံစစ်ဖြင့် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
တိုင်းရင်းသားလက်နက်ကိုင်များ(EAOs)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ(PDFs)သည် ယခင်က မြို့သိမ်း တိုက်ပွဲများကို ရက်ပိုင်းအတွင်း ဖော်ဆောင်နိုင်ကြသော်လည်း နောက်ပိုင်းတွင် လနှင့်ချီလာသည့်တိုင် မသိမ်းနိုင် ဘဲ ဖြစ်လာကြောင်း၊ ထို့နောက် မြို့သိမ်းတိုက်ပွဲများသည် နှစ်နှင့်ချီ၍ ကြာလာနိုင်သည့် အခြေအနေထိ တိုက်ခိုက် ရေး စွမ်းရည်များ ကျဆင်းလာနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။