CNI News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၁

နွေဦးတော်လှန်ရေး အင်အားစုများကို အမှီသဟဲပြုပြီး နိုင်ငံရေးအကျိုးအမြတ် ဘယ်သူတွေ ရသွားလဲဆိုသည့် အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်ဆွေးနွေးမှုများ ရှိနေကြသည်။

၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက် ပေါ်ထွက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) တို့နှင့် ပူးပေါင်းပြီး မြန်မာ့တပ်မတော်ကို တိုက်ပွဲ ဖော်ဆောင်လျက်ရှိသည်။

ထိုသို့ တိုက်ပွဲ ဖော်ဆောင်ကြရာတွင် EAO-PDF ပူးပေါင်းတပ်ဖွဲ့များမှ နယ်မြေများ သိမ်းပိုက် ရယူနိုင်ခဲ့သော်လည်း ကြားဝင်စေ့စပ်မှုများကြောင့် တွေ့ဆုံဆွေးနွေးကြရာ မြန်မာ့တပ်မတော်နှင့် EAO တို့သာ သဘောတူညီချက်များ ရရှိခဲ့ကြပြီး သိမ်းပိုက်ရရှိထားသည့် မြို့များကို ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြသည်။

EAOs တို့သည် လက်နက်ကိုင်လှုပ်ရှားမည့် အင်အားစု အများအပြားကို PDF များဆီကနေ ရလိုက်ခြင်းဖြစ် ကြောင်း၊ ထိုအခင်းအကျင်းများ၌ အမှန်တကယ် အင်အားစုဆုံးရှုံးမှု၊ ထိခိုက်နစ်နာမှုများအပေါ် မူတည်ကာ EAO နှင့် PDF မည်သူတို့ နိုင်ငံရေး အမြတ်ရသလဲဆိုသည်ကို မြင်နိုင်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ အမှုဆောင် ဒါရိုက်တာဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ချင်းညီနောင်အဖွဲ့ (CB)နဲ့ NUG ခေါင်းဆောင်တွေကို တွေ့ဆုံကြစဉ်

၎င်းက “ဘာကြောင့်လဲဆိုတော့ EAO တွေက နဂိုကတည်းက သိပ်အဲဒီလောက်အထိ လှုပ်ရှားနိုင်တာ မရှိဘူး။ ပြောရရင်တော့ တိုက်ခိုက်ရေး အင်အားစုပေါ့လေ။ လက်နက်ကိုင်ပြီးတော့ လက်နက်ကိုင် လှုပ်ရှားမှု လုပ်မယ့် အင်အားစု တော်တော်များများကို PDF တွေဆီကနေ သူတို့ ရလိုက်ကြတာ။ အဲဒီတော့ နောက်ဆုံးမှာ PDF တွေက သူတို့ လိုချင်တဲ့ အရာလည်းမရဘူး။ မရတဲ့အချိန်မှာကိုမှ လှုပ်ရှားမှု အရမ်းခက်သွားတဲ့အချိန်မှာ နောက်ဆုံးတော့ ဘာဖြစ်သွားလဲဆိုတော့ အရမ်းအသာရသွားတာပေါ့။ အသာစီးရတယ်လို့ ကျနော်တို့ သုံးသပ်လို့ရတာဟာ EAO တွေပဲ ကြည့်ပြီးကျန်ခဲ့တယ်။ PDF တွေက ဘာမှအဲဒီလောက်အထိ လုပ်နိုင်စွမ်း မရှိခဲ့တော့ဘူးပေါ့။ အဲဒါကတော့ အခုလောလောဆယ် ကျ‌နော်တို့ မြင်နေရတဲ့အထဲမှာ တွေ့ပြီးသား ကိစ္စရပ်ဖြစ်သွားတာပေါ့။ သူတို့ ဘယ်လောက် လုပ်နိုင်တယ်၊ မလုပ်နိုင်ဘူးဆိုတာ အားလုံးသိတဲ့အတိုင်းပဲ။ နောက်သူတို့ရဲ့ ပူးပေါင်းမှု ဘယ်လောက် အဆင်ပြေ တယ်၊ မပြေဘူးဆိုတာလည်း ကျနော်တို့ မြင်နေရတာပဲလေ။ အဲဒီတော့ တကယ်တမ်းဘယ်သူက အင်အားစုတွေ ဆုံးရှုံးသွားလဲ၊ ဘယ်လောက်အထိ ကိုယ့်မှာ ထိခိုက်နစ်နာမှုဖြစ်လဲဆိုတာ ကြည့်ရင်သိသာတာပေါ့။ အဲဒါအပေါ်မှာ မူတည်ပြီးတော့ EAO အမြတ်ရလား၊ PDF တွေ အမြတ်ရလားဆိုတာတော့ အားလုံးမြင်နိုင်ကြပါလိမ့်မယ်” ဟု ပြောသည်။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နှင့် ၂၈ ရက်က TNLA နှင့် တပ်တို့ တွေ့ဆုံဆွေးနွေးမှုအရ အပစ်အခတ်ရပ်စဲ ရေး သဘောတူ လက်မှတ်ရေးထိုးပြီး မိုးကုတ်နှင့် မိုးမိတ်မြို့များမှ ဆုတ်ခွာမည်ဟု TNLA က ထုတ်ပြန်ခဲ့သည်။

ထိုသို့ ကြေညာပြီးနောက် ရှမ်း-မန်း နယ်စပ်စစ်ရေး အခြေအနေများ ရှုပ်ထွေးနေပြီး နွေဦးတော်လှန်ရေး ကာလ အတွင်း သိမ်းယူခဲ့သည့် ထိန်းချုပ်စိုးမိုးနယ်မြေများအား အလွယ်တကူ လက်လွှတ်ရန်မရှိကြောင်း MDY-PDF က ထုတ်ဖော် ပြောဆိုထားသည်။

တိုင်းရင်းသားလက်နက်ကိုင်များသည် ၎င်းတို့၏ ဒေသ၊ ပြည်နယ်နှင့် လူမျိုး လွတ်မြောက်ရေး အဓိကဖြစ်သည့် အတွက် နိုင်ငံရေး သဘောတူညီချက် ရယူရာတွင် ၎င်းတို့ဒေသ ခိုင်မာရေးကို အားသာသွားသည်ထင်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

သို့သော် နွေဦးတော်လှန်ရေး ရဲဘော် အများစုသည်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အကျပ်အတည်းအပေါ် နားလည်မှုရှိမည်ဟု ထင်ကြောင်းလည်း ၎င်းက ပြောသည်။

ချင်းညီနောင်အဖွဲ့ (CB)နဲ့ KIA ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်ကို တွေ့ဆုံစဉ်

ဒေါက်တာလှကျော်ဇောက “တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက မြေပုံကိုကြည့်ကြည့် အကုန်လုံးက တရုတ် နဲ့ နယ်ချင်းစပ် ထိစပ်နေတာချည်းပဲ။ အဲဒီတော့ တရုတ်က ဖိအားဆိုတာထက် တရုတ်က မက်လုံးပေါ့နော်။ ဥပမာ အပစ်အခတ်ရပ်ရင် border ဂိတ်တွေ ဖွင့်ပေးမယ်။ စီးပွားရေး အသွားအလာတွေ MNDAA ဆို တရုတ်က အများ ကြီး ဖွင့်ပေးထားတာပဲ။ ဖွင့်ပေးထားပြီး သူတို့ဘက်က အထောက်အပံ့တွေ ဘာတွေ အများကြီး အကူအညီ ပေး ထားတာလေ။ ဒါကြောင့် MNDAA ဆိုရင် သူတို့နေတဲ့ ဒေသဟောင်းတွေကို သူတို့ ကောင်းကောင်း တည်ဆောက် နိုင်တာ ဖြစ်တာကို။ အဲဒီတော့ တိုင်းရင်းသား အဖွဲ့အစည်းတွေ အနေနဲ့က ဗမာပြည်ကို စေတနာ မထားတာတော့ မဟုတ်ဘူး။ တစ်ပြည်လုံးထက် သူတို့က သူ့ဒေသလေး၊ သူ့ပြည်နယ်လေး သို့မဟုတ် သူ့လူမျိုးလေး လွတ်မြောက် ရေးက အဓိကဖြစ်တာကို။ အဲဒီတော့ သူတို့က ဒါနဲ့ပဲ ကျေနပ်ပြီးတော့ သူ့ဒေသလေး တည်ငြိမ်အောင်၊ သူ့ဒေသ လေး ခိုင်မာအောင် ဒါတွေကို ပိုပြီးတော့ အားသာသွားတယ်ထင်တယ်။ PDF တို့ ဘာတို့ကလည်း ကျမတို့အားလုံး နားလည်ပေးတယ်လေ။ ဒီဘက်က နွေဦးတော်လှန်ရေးက ရဲဘော်တွေ တော်တော်များများကလည်း တိုင်းရင်း သား အဖွဲ့တွေရဲ့ အခက်အခဲ အကျပ်အတည်းတွေကို နားလည်ပေးကြတော့ နားလည်မှုရှိကြ ပါမယ်ထင်တယ်။ ဒီလိုပြောလို့ အစစအရာရာ အဆင်ပြေတာတော့ ဟုတ်ချင်မှ ဟုတ်မှာပေါ့။ ပဋိပက္ခလေးတွေ၊ ပွတ်တိုက်မှုလေး တွေတော့ ရှိနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက် ရရှိထားသည့် မြို့များထဲမှ လားရှိုးမြို့အား ကိုးကန့်တပ်(MNDAA)မှ မြန်မာ့ တပ်မတော်ထံ ပြန်လည်လွှဲပြောင်း ပေးအပ်လိုက်ရကတည်းက အခြားမြို့များလည်း ပြန်ပေးရနိုင်ဖွယ်ရှိကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ်ခဲ့ကြခြင်းဖြစ်သည်။

မိုးကုတ်မြို့နှင့် မိုးမိတ်မြို့များအား ၂၀၂၄ ဇူလိုင်လအတွင်းက TNLA နှင့် မဟာမိတ်တပ်များက သိမ်းပိုက် ရယူခဲ့ ခြင်းဖြစ်ပြီး တစ်နှစ်ကျော်အကြာတွင် TNLA ဘက်မှ မြန်မာ့တပ်မတော်နှင့် သဘောတူညီမှုရရှိပြီး နိုဝင်ဘာ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး ဆုတ်ခွာမည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။ 

ထို့နောက် KIA သည်လည်း ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ PDF များ၏ အင်အားကို အသုံးပြုပြီး မြန်မာ့တပ်မတော်၏ စစ်စခန်းများနှင့် မြို့များကို သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။ 

သို့သော် KIA သည် မြန်မာ့တပ်မတော်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် လျှို့ဝှက်ချိတ်ဆက်နေခြင်းကြောင့် သဘောတူညီချက် ရရှိသွားပါက PDF များ၏ အနေအထားမှာလည်း တစ်မျိုးတစ်ဖုံး အပြောင်းအလဲ ဖြစ်သွား မည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။