CNI News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေဖြင့် မြို့များသိမ်းမည်ဆိုခြင်းအား အားမပေးကြောင်း တရုတ်-မြန်မာ အရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

မန္တလေးမြို့အား မြန်မာ့တပ်မတော်ဆီမှ သိမ်းပိုက်မည်ဟု ကြွေးကြော်နေခြင်းသည် အပြောမဟုတ်ဘဲ လက်တွေ့ လုပ်မှာဖြစ်ကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “အိမ်ပြန်မယ့်လှိုင်း ဧရာတိုင်း” Campaign တွင် ပြောကြားခဲ့သည်။

NUG အနေဖြင့် မန္တလေးမြို့အား ဝိုင်းထားပြီး ‌ဘေးပတ်ဝန်းကျင်ကို စနစ်တကျ သိမ်းယူပြီးမှသာ တဖြည်းဖြည်း ရှေ့ဆက်တိုးသင့်ကြောင်း တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာန သို့ ပြောသည်။

NUG ရဲ့ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ PDF ရဲဘော်တွေကို တွေ့ရစဉ်

ဒေါက်တာလှကျော်ဇောက  “အရင်တုန်းက မန္တလေးမြို့က ဒီလိုပဲ ကျဖူးတာပဲလေ၊ ၁၉၅၀ ခုနှစ်၊ ၅၁ ခုနှစ်တုန်းက ဒီလိုပဲကျဖူးတာပဲ၊ အဲတုန်းက ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ပြည်သူ့ရဲဘော်တွေနဲ့ ပေါင်းပြီးတိုက်ခဲ့သေးတာပဲ၊ အခုလည်း ဒီအရှိန်ပေါ့နော်၊ ၁၀၂၇ အရှိန်အတိုင်း ဆက်တိုက်မယ်ဆိုရင်တော့ စနစ်တကျ ဆက်တိုက်မယ်ဆိုရင် တော့ ရမှာပါ၊ ကျမကတော့ မြို့တွေကိုသိမ်းတာ သိပ်အားမပေးချင်ဘူးဗျ၊ တစ်ခုရှိတာက သူတို့ NUG တို့ဘာတို့ ကျတော့လည်း အလှူရှင်တွေရဲ့ မျက်နှာကြည့်ရသေးတယ် ထင်တယ်၊ အဲလို မြို့ကြီးတွေသိမ်းပြ ဘာပြမှ အလှူရှင်တွေကလည်း ကျေနပ်တယ်ထင်တယ်၊ ဒါပေမယ့် ကျမကြည့်တယ် ကျမတို့ တော်လှန်ရေးလုပ်နေတာ စနစ်တစ်ခုကို နောက်စနစ်တစ်ခုနဲ့ အစားထိုးဖို့ လုပ်နေတာဖြစ်တဲ့အတွက် Target ကြီးကြီးပေးထားဖို့ မသင့်သေး ဘူး ထင်တယ်၊ မန္တလေးမြို့ကို ဝိုင်းထားပြီးတော့ ဘေးပတ်ဝန်းကျင် စနစ်တကျ သိမ်းပြီးတော့မှ ဘေးပတ်ဝန်းကျင် မှာ တည်ဆောက်စရာရှိ တည်ဆောက်၊ အဲဒါပြီးမှ တဖြည်းဖြည်းရှေ့တိုးတာ ပိုကောင်းမယ်ထင်တယ်၊ ဘာဖြစ်လို့ လဲဆိုတော့ အခုဗန်းမော်ပဲကြည့်လေ ဘေးကပဲဝိုင်းပြီးတော့ နှဲ့နှဲ့နှဲ့ပြီးမှ တဖြည်းဖြည်းရှေ့တိုးတာ အဲဒါမျိုးက ပိုကောင်းမယ်ထင်တယ်” ဟု ပြောသည်။

မန္တလေးမြို့အား မပျက်မစီးဘဲ အကောင်းဆုံး ရယူထိန်းသိမ်းနိုင်ရေး ကြိုတင်ပြင်ဆင်နေပြီး ပြင်ဦးလွင်မြို့ အတွက် ပါ ပြင်ဆင်နေကြောင်း NUG ၏ ကျန်းမာရေးနှင့်ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလထဲတွင် ပြောကြားခဲ့သည်။

အဖွဲ့အစည်းတစ်ခု ဖြစ်လာပြီဆိုလျှင် လှုံ့ဆော်ရေးစကားများ ပြောကြားလေ့ရှိသော်လည်း မြေပြင်တွင် လက်တွေ့ ဖြစ်နိုင်ရန် ခဲယဥ်းကြောင်း၊ မန္တလေးမြို့အား သိမ်းမည်ဆိုခြင်းသည် လက်တွေ့တွင် ဖြစ်လာနိုင်စရာ မရှိကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့‌ ပြောသည်။

NUG ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ PDF ရဲဘော်တွေကို တွေ့ရစဉ်

ဦးသိန်းထွန်းဦးက “အများကြီးတော့ ပြောစရာမလိုပါဘူး၊ NUG ရဲ့ဟိုတုန်းက ပြောခဲ့တဲ့ သူတို့စကားတွေပေါ့၊ အဲတာတွေကို တစ်ချက် ပြန်လေ့လာကြည့်လိုက်ရင် အဖြေထွက်ပါလိမ့်မယ်၊ ဘယ်နှစ်ခုနှစ်မှာ ဘယ်လောက် အပြီးလုပ်မယ်၊ ဘယ်မှာတော့ ဘာကိုအပြီးလုပ်မယ်ဆိုတဲ့ သူတို့ပြောထားတဲ့ အရာတွေ အများကြီးရှိတယ်၊ အဲတာတွေကို ယှဥ်ပြီးလေ့လာကြည့်လိုက်ရင် တကယ်ဖြစ်လာမဖြစ်လာဆိုတာ လက်တွေ့အခြေအနေနဲ့ နှိုင်းယှဥ် ကြည့်လိုက်ပေါ့၊ အဲတာဆိုရင် သူတို့ပြောခဲ့တဲ့ဟာတွေ တကယ်ဖြစ်လာသလား၊ မဖြစ်လာဘူးလား အဲတာက အမြဲတမ်းသိသာမှာပါ၊ ကျနော်တို့ နားလည်ထားသလောက်ကတော့ သူတို့ကြွေးကြော်ထားဟာ ‌တော်တော် များများပါ၊ တကယ့်ကို တော်တော်များများပဲ ဘာမှလက်တွေ့မှာ အဲလောက်ထိ ဖြစ်လာခဲ့တာဟာ မဟုတ်ဘူး ဆိုတာ သိထားရတယ်၊ အဲတော့ သေချာတာကတော့ ထုံးစံတိုင်းကတော့ အဖွဲ့တစ်ဖွဲ့ ဖြစ်လာပြီ ဆိုရင်တော့ လှုံ့ဆော်ရေးအတွက်ကတော့ ဒါမျိုးစကားကတော့ ပြောလေ့ပြောထ ရှိပါတယ်၊ မြေပြင်မှာ လက်တွေ့ဖြစ်ဖို့ ဆိုတာကတော့ ဒီထက်အများကြီး ကျယ်ဝန်းပါတယ်၊ ပြောတိုင်းလက်တွေ့ ဖြစ်လာနိုင်တယ်ဆိုတာ သိပ်ခဲယဥ်း တာကိုး၊ အဲတော့ ဒီတစ်ကြိမ်လည်း လေသံပဲဖြစ်လာပြီးတော့ လက်တွေ့တော့ သိပ်ထွက်လာနိုင်စရာ အကြောင်း မရှိပါဘူး” ဟု ပြောသည်။

NUG တွင် တပ်ရင်းပေါင်း ၃၀၀ ကျော်၊ ကာကွယ်ရေးတပ် ၂၀၀ ကျော်ခန့် ရှိသော်လည်း တိုက်ပွဲများ ဖြစ်မြောက် အောင် မတိုက်ခိုက်နိုင်ခြင်းတို့ကြောင့် NUG ဦးဆောင်နေသည့် စစ်ရေး အင်အားစုများ အတွင်း၌ လက်တွေ့ တိုက်ပွဲတောင်းဆိုချက်နှင့် ကိုက်ညီသော ဖွဲ့စည်းမှုမျိုး မရှိသေးသည်ကို တွေ့ရကြောင်း စစ်ရေးနှင့် နိုင်ငံရေး အကဲခတ်များက ထောက်ပြလျက်ရှိသည်။

လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့(EAO)များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တို့သည် နိုင်ငံတစ်ဝန်းတွင် မြို့နယ်ပေါင်း ၁၄၄ မြို့နယ်အား စိုးမိုးထိန်းချုပ်ထားကြောင်း NUG ၏ ကာကွယ်ရေးဝန်ကြီး ဌာနက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။