CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၂

အနောက်နိုင်ငံများနှင့် ဥရောပနိုင်ငံများက ထောက်ခံနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF)ကို အသိအမှတ်မပြုကြောင်း ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစု ကြည်က ထိုင်းဒုဝန်ကြီးချုပ် Mr. Don Pramudwinai ကို သဘောထားပေးခဲ့ကြောင်း ဂျပန်သတင်းဌာန တစ်ခု ဖြစ်သည့် Pan Orient News က ဇူလိုင် ၁၁ ရက်နေ့က ဖော်ပြခဲ့သည်။

ထိုင်းဒုဝန်ကြီးချုပ် Mr. Don Pramudwinai သည် မြန်မာနိုင်ငံသို့ ဇူလိုင် ၉ ရက်နေ့က နေ့ချင်းပြန် ခရီးစဉ် အဖြစ် ရောက်ရှိလာပြီး နေပြည်တော်အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော ဒေါ်အောင်ဆန်းစု ကြည်နှင့် တွေ့ဆုံခွင့်ရရှိခဲ့သည်။

အဆိုပါ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာက အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ထားပြီး အနောက်နိုင်ငံများ၏ ထောက်ပံ့မှုဖြစ် ရပ်တည်နေသည့် NUG၊ PDF ကို မိမိအနေဖြင့် အသိအမှတ်မပြုကြောင်း သဘောထားပေးခဲ့သည်ဟု ဂျပန်သတင်းဌာန Pan Orient News က ရေးသား ဖော်ပြထားခြင်း ဖြစ်သည်။

ထို့နောက် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ကျင်းပနေသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးတွင် ထိုင်းဒုဝန်ကြီးချုပ် Mr. Don Pramudwinai က ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်ရခဲ့ပြီး သူမ၏ သဘောထား သဝဏ်လွှာကို ဖတ်ကြားသွားခဲ့ကြောင်း ဂျပန်သတင်းဌာန ကျိုဒို(Kyodo)က ဇူလိုင် ၁၂ ရက်နေ့ တွင် ဖော်ပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ Mr. Don Pramudwinai ကိုတွေ့ရစဉ်

ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌများဖြစ်ခဲ့သည့် ဘရူးနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား နိုင်ငံများမှ တွေ့ဆုံခွင့် ရရှိရန် ကြိုးစားခဲ့သော်လည်း တွေ့ဆုံခွင့်မရခဲ့ဘဲ ထိုင်းဒုဝန်ကြီးချုပ်က ပထမဆုံး တွေ့ခွင့် ရသည့် နိုင်ငံခြားသံတမန်ဖြစ်သည်။

ထိုင်းနိုင်ငံသည် အမေရိကန်နှင့်ဆက်ဆံရေး ကောင်းမွန်သည့် နိုင်ငံဖြစ်၍ ထိုင်းဒုဝန်ကြီးချုပ်၏ တွေ့ဆုံခွင့် ရမှုက ထူးခြားသည်ဟု မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းကြားတွင် သုံးသပ်နေကြသည်။

နေပြည်တော်က သတင်းရင်းမြစ်များကတော့ ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းဒုဝန်ကြီးချုပ် ဇူလိုင် ၉ ရက်နေ့က တွေ့ဆုံခဲ့သည်မှာ မှန်ကန်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က အကြမ်းမဖက် မူဝါဒအပေါ် ရပ်တည်သူဖြစ်သည့် အတွက် နိုင်ငံတကာ သတင်းဌာနများမှ ရေးသားဖော်ပြသည့် NUG-PDF ကို အသိ အမှတ်မပြုဘူးဆိုသည်မှာ ဖြစ်နိုင်ခြေရှိကြောင်း ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည် ဉီးဆောင်သည့် NLD အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ်ကြေညာထားသည်။

Pan Orinet News သတင်းဌာန၏ ဖော်ပြချက်ကိုတွေ့ရစဉ်

ထို့နောက် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ NLD ပါတီ ခေါင်းဆောင်များကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။

အဆိုပါ အခြေအနေများတွင် မြန်မာ့တပ်မတော်ကို ဖြုတ်ချရေး NLD လွှတ်တော် အမတ်များနှင့် ဒီမိုကရေစီအရေး တောင်းဆိုသူများ စုပေါင်း၍ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကို ဖွဲ့ စည်းကာ လက်နက်ကိုင် တော်လှန်ရေး တစ်ရပ်အား ဆင်နွှဲလျက်ရှိသည်။

NUG-PDF က ၂၀၂၃ ခုနှစ်သည် တော်လှန်ရေး အဆုံးအဖြတ်အတွက် အဆုံးသတ်နှစ်ဖြစ်သည်ဟု ကြေညာထား သည်။