CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၂

ထိုင်းဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Don Pramudwinai သည် မြန်မာနိုင်ငံသို့ ဇူလိုင် ၉ ရက်နေ့က နေ့ချင်းပြန် ခရီးစဉ်အဖြစ် လာရောက်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံမှုသည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ကျင်းပနေသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မတိုင်ခင် ဖြစ်သည်။

ထို့နောက် Mr. Don Pramudwinai သည် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ဒေါ်အောင်ဆန်း စုကြည်နှင့်တွေ့ဆုံခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစကားကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ သယ်ဆောင်၍ ချပြခဲ့ကြောင်း ဂျပန်နိုင်ငံအခြေစိုက် ကျိုဒို(Kyodo)သတင်းဌာနက ဇူလိုင် ၁၂ ရက်နေ့တွင် ရေးသားဖော်ပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Don Pramudwinai ကို တွေ့ရစဉ်

သတင်းအရင်းအမြစ်များ၏ အဆိုအရ နစက-က အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကို အသိအမှတ်မပြုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထိုင်းဒုဝန်ကြီးချုပ်နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု Pan Orient News က ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၁ ရက်နေ့က ရေးသားထားသည်။

နေပြည်တော်ရှိ သတင်းအရင်းအမြစ်များကလည်း ဒေါ်အောင်ဆန်းစုကြည်သည် အကြမ်းမဖက် နိုင်ငံရေး လမ်းစဉ်ကို ကိုင်ဆွဲထားသူဖြစ်၍ NUG၊ PDF က သူနှင့်မဆိုင်ကြောင်း သဘောထားရှိခြင်းက ဖြစ်နိုင်ခြေရှိသည် ဟု ပြောသည်။