CNI International News

ကာရာဘတ်၊ ဇူလိုင် ၁၂

အဇာဘိုင်ဂျန်က ကြက်ခြေနီအဖွဲ့ကြီး၏ အာမေးနီးယားဌာနခွဲမှာ မှောင်ခိုကုန်ကူးမှုများ လုပ်ဆောင်နေသည်ဟု စွပ်စွဲလိုက်ပြီး ခွဲထွက် နာဂေါ်နို-ကာရာဘတ် (Nagorno-Karabakh)ဒေသနှင့် အာမေးနီးယားကို ဆက်ထားသည့် တစ်ခုတည်းသော လမ်းမကို ယာယီ ပိတ်ထားလိုက်သည်ဟု အယ်ဂျာဇီးလ်ယားမှ ရေးသားဖော်ပြခဲ့သည်။

အာမေနီးယားအများစု နေထိုင်သည့် နာဂေါ်နို-ကာရာဘတ်ဒေသမှာ ကော့ကေးဆပ် ရန်သူနှစ်နိုင်ငံကြားတွင် ဆယ်စုနှစ်များကြာ ပိုင်နက်အငြင်းပွားနေသည့် ဒေသပင်ဖြစ်ပြီး တောင်ထူထပ်သည့် ထိုဒေသကို ပိုင်ဆိုင်ရေး စစ်ပွဲများလည်း ဖြစ်ပွားခဲ့ပြီးပြီ ဖြစ်သည်။ 

အဇာဘိုင်ဂျန် နယ်စပ်ကွပ်ကဲရေးဌာနက “နယ်စပ်က လာချင် စစ်ဆေးရေးဂိတ်ကို ဖြတ်သွားတဲ့ လမ်းပိုင်းကို ယာယီပိတ်ထားပါတယ်။ ဆေးပစ္စည်းယာဉ်တွေကို ခိုးထုတ်ဖို့ အသုံးပြုနေတဲ့ ကြက်ခြေနီအဖွဲ့ကို စုံစမ်းစစ်ဆေးမှု တွေလည်း ဆိုင်းငံ့ထားပါတယ်”ဟု ပြောသည်။ 

လာချင်စင်္ကြန်ကို ဖြတ်ပြီး တရားမဝင်ပစ္စည်းများ သယ်ယူနေမှုအပေါ် စိုးရိမ်မှုများကို သိရှိပါကြောင်း၊ ထိုလုပ်ရပ် ကိုလည်း မထောက်ခံကြောင်း နိုင်ငံတကာကြက်ခြေနီကော်မတီက ထုတ်ပြန်ခဲ့သည်။ 

ကြက်ခြေနီအဖွဲ့ကို စစ်သားတစ်ဦးက စစ်နေစဉ်

၎င်းအဖွဲ့ကြီးက “ကြက်ခြေနီအဖွဲ့ပိုင် ယာဉ်တွေမှာ ဘယ်လို တရားမဝင်ပစ္စည်းကိုမှ မတွေ့ရပါဘူး။ ကုန်တွေ အကုန်လုံးက အဇာဘိုင်ဂျန်သမ္မတနိုင်ငံ အကောက်ခွန်ရဲ့ စစ်ဆေးမှုကို ခံရပါတယ်။ ဒါပေမယ့်လည်း ကျနော်တို့ မသိလိုက်ရဘဲ ငှားထားတဲ့ ယာဉ်မောင်း ၄ ယောက်က သူတို့၏ ကိုယ်ပိုင်ကားများနှင့် ကုန်တချို့ သယ်ပို့ခဲ့ရာမှာ ကြက်ခြေနီအဖွဲ့ကြီး၏ အလံတပ်ထားခဲ့ပါတယ်။ အဲဒီလူတွေဟာ ကြက်ခြေနီအဖွဲ့ဝင်တွေ မဟုတ်ကြပါဘူး။ သူတို့ ရဲ့ အငှားစာချုပ်တွေကိုလည်း ချက်ချင်း ဖျက်သိမ်းပစ်လိုက်ပါပြီ”ဟု ထုတ်ပြန် ပြောခဲ့သည်။ 

ပြီးခဲ့သည် ဧပြီလတွင် အဇာဘိုင်ဂျန်က လာချင်စင်္ကြန် အဝင်ဝတွင် နယ်စပ်စခန်းတစ်ခု ထူထောင်ခဲ့ရာ အာမေးနီးယားက ပိတ်ဆို့သည်ဟု စွပ်စွဲစရာ ဖြစ်လာခဲ့သည်။ 

ပြီးခဲ့သည့် ဇွန်လနှောင်းပိုင်းကလည်း ကြက်ခြေနီအဖွဲ့ကြီး၏ အာမေးနီးယားဌာနခွဲက အဇာဘိုင်ဂျန်က ကာရာဘတ်သို့ ဆက်သွယ်သည့် လမ်းကြောင်း ပိတ်ဆို့နေကြောင်း ပြောကြားခဲ့ရာ မတည်ငြိမ်သော ဒေသအတွင်း အခြေအနေများနှင့်ပတ်သက်၍ စိုးရိမ်မှုများ ကြီးထွားလာခဲ့သည်။ 

Source: အယ်ဂျာဇီးလ်ယား