CNI International News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၆

ထောင်နှင့်ချီသည့် အာမေးနီးယားလူမျိုးများသည် အဇာဘိုင်ဂျန်နိုင်ငံ၏ နာဂေါ်နို-ကာရာဘက်ဒေသမှ စက်တင်ဘာ ၂၅ ရက်တွင် ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ဆီဆိုင်များတွင် တန်းစီစောင့်ဆိုင်းနေသဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ကာရာဘက်ဒေသရှိ ခွဲထွက်ရေး အာမေးနီးယား လက်နက်ကိုင်များကို အဇာဘိုင်ဂျန်စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သဖြင့် အာမေးနီးယား လက်နက်ကိုင်များ အရေးနိမ့်ခဲ့ပြီးနောက် ထိုဒေသတွင် နေထိုင်သည့် အာမေးနီးယားလူမျိုးစုများသည် ထွက်ပြေးတိမ်းရှောင်ခဲ့ကြခြင်း ဖြစ်သည်။

ကာရာဘက်ဒေသတွင် နေထိုင်သည့် အာမေးနီးယားလူမျိုး ၁၂၀,၀၀၀ ခန့်ကို အုပ်ချုပ်သည့် ခေါင်းဆောင်များ ကလည်း ၎င်းတို့လူမျိုးများသည် အဇာဘိုင်ဂျန်၏ နယ်မြေထဲတွင် နေထိုင်လိုသည့် ဆန္ဒမရှိတော့ပဲ ဖိနှိပ်မှုများ ခံရမည့်အရေးကို စိုးရိမ်သဖြင့် အာမေးနီးယားနိုင်ငံသို့ သွားရောက်နေထိုင်မည်ဖြစ်ကြောင်း စက်တင်ဘာ ၂၄ ရက် က ရိုက်တာကို ပြောကြားခဲ့သည်။

အဇာဘိုင်ဂျန်နိုင်ငံကနေ ထွက်ခွာနေတဲ့ အာမေးနီးယားလူမျိုးများကိုတွေ့ရစဉ်

ကာရာဘက်ဒေသ၏ မြို့တော် စတက်ပန်နာကတ် (Stepanakery) တွင် ထောင်နှင့်ချီသည့် ဒေသခံများသည် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ဘတ်စ်ကားများ၊ ထရပ်ကားများပေါ်တင်ကာ အာမေးနီးယားသို့ ထွက်ခွာသွားခဲ့သည်။

အဇာဘိုင်ဂျန်ကမူ ကာရာဘက်ဒေသ၏ မြို့တော်ကို ခန်ကန်ဒီ (Khankendi) ဟု ခေါ်ဆိုထားသည်။ 

အာမေးနီးယားသို့ ရောက်ရှိလာခဲ့သည့် ဒုက္ခသည်များကမူ ကာရာဘက်ဒေသတွင် နေထိုင်ခဲ့သော ၎င်းတို့၏ သမိုင်းကြောင်းသည် အဆုံးသတ်သွားပြီဟု ယုံကြည်ကြောင်း ရိုက်တာကို ပြောကြားခဲ့သည်။

"အဲဒီကိုဘယ်သူမှ ပြန်မသွားကြတော့ပါဘူး။ ဒါပါပဲ။ ကာရာဘက်ဒေသ အကြောင်းဟာ ပြီးဆုံးသွားပါပြီ။ အဲဒါ လည်း ကောင်းတယ်လို့ ကျမ ထင်ပါတယ်"ဟု အာမေးနီးယားရှိနယ်စပ် ဂိုးရစ် (Goris) မြို့သို့ ရောက်ရှိလာခဲ့သည့် အန်နာ အဂေါ့ပ်ယန် (Anna Agopyan) က ပြောကြားခဲ့သည်။

အဇာဘိုင်ဂျန်နိုင်ငံကနေ ထွက်ခွာလာကြတဲ့ အာမေးနီးယားလူမျိုးများကိုတွေ့ရစဉ်

အာမေးနီးယားအစိုးရသည် ထောင်နှင့်ချီသည့် ဒုက္ခသည်များ ရောက်ရှိလာမှုအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး စက်တင်ဘာ ၂၄ ရက်တွင် နာဂေါ်နို-ကာရာဘက်ဒေသမှ အာမေးနီးယား နိုင်ငံအတွင်းသို့ ဖြတ်သန်း ဝင်ရောက်ခဲ့သူ ၂၉၀၀ ကျော် ရှိခဲ့သည်။

ထို့ပြင် ကာရာဘက်ဒေသမှ ထွက်ခွာလာသူ အားလုံးအတွက် ပြင်ဆင်မှုများကို ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း အာမေးနီးယား အာဏာပိုင်များက ပြောကြားခဲ့ပြီး အာမေးနီးယား ပြည်သူများအနေဖြင့် ဒုက္ခသည် များ ဝင်ရောက်မှုကို အဆင်ပြေ ချောမွေ့စေရန် မလိုအပ်ဘဲ လမ်းများပေါ်သို့ မထွက်ကြရန် တိုက်တွန်းခဲ့သည်။

အဇာဘိုင်ဂျန်၏ နယ်နိမိတ်အဖြစ် နိုင်ငံတကာက အသိအမှတ်ပြုထားသည့် ကာရာဘက်ဒေသတွင် စက်တင်ဘာ ၂၀ ရက်၌ ကာရာဘက်ဒေသရှိ အာမေးနီးယားလူလက်နက်ကိုင် တပ်ဖွဲ့များကို အဇာဘိုင်ဂျန် စစ်တပ်က သာလွန်အင်အားဖြင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ပြီးနောက် အာမေးနီးယား လက်နက်ကိုင်များက အပစ်အခတ် ရပ်စဲကြောင်း ကြေညာခဲ့ရသည်။

Source: ရိုက်တာ