CNI International News

ဘာကူ၊ စက်တင်ဘာ ၂၅

အဇာဘိုင်ဂျန်နိုင်ငံ၏ နာဂေါ်နို-ကာရာဘက် (Nagorno-Karabakh) ဒေသတွင် နေထိုင်သည့် အာမေးနီးယား လူမျိုး ၁၂၀,၀၀၀ ခန့်သည် လူမျိုးသုဉ်းသတ်ဖြတ်မှု အန္တရာယ်များကြောင့် အာမေးနီးယားနိုင်ငံသို့ ထွက်ခွာလိမ့် မည်ဟု စက်တင်ဘာ ၂၄ ရက်တွင် ဒေသခံခေါင်းဆောင်များက ရိုက်တာသို့ ပြောကြားခဲ့သည်။

ကာရာဘက်ဒေသကို အဇာဘိုင်ဂျန်၏ နယ်နိမိတ်အဖြစ် နိုင်ငံတကာက အသိအမှတ် ပြုထားသော်လည်း ဆိုဗီယက်ယူနီယံ ပြိုကွဲချိန်ကတည်းကစပြီး ထိုဒေသကို အာမေးနီးယားလူမျိုးများက လွှမ်းမိုးထားခဲ့သည်။

စက်တင်ဘာ ၂၀ ရက်တွင် ကာရာဘက်ဒေသရှိ အာမေးနီးယားလူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့များကို အဇာဘိုင်ဂျန်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် ၂၄ နာရီအတွင်း အာမေးနီးယား လက်နက်ကိုင်များသည် အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့သည်။

ကာရာဘက်ဒေသကနေ ထွက်ခွာကြမယ့် အာမေးနီယားလူမျိုးများကိုတွေ့ရစဉ်

အဇာဘိုင်ဂျန်ဘက်ကတော့ ထိုဒေသကို အဇာဘိုင်ဂျန်နှင့် ပြန်လည်ပေါင်းစည်းကြောင်းနှင့် အာမေးနီးယားလူမျိုး များ၏ အခွင့်အရေးကို အာမခံချက်ပေးမည်ဟု ပြောကြားခဲ့သော်လည်း ကာရာဘက်ဒေသရှိ အာမေးနီးယား ခေါင်းဆောင်များက အဇာဘိုင်ဂျန်မှ ထွက်ခွာမည်ဖြစ်ကြောင်း ရိုက်တာကို ပြောကြားခဲ့သည်။

ထို့နောက် အဇာဘိုင်ဂျန်ဘက်ကမူ အာမေးနီးယားလူမျိုးများအား ထိခိုက်နစ်နာစေရန် ရည်ရွယ်ချက်မရှိကြောင်း မကြာခဏ ငြင်းဆိုခဲ့သည်။

"ကျနော်တို့ လူမျိုးတွေဟာ အဇာဘိုင်ဂျန်ရဲ့ နယ်မြေမှာ မနေချင်တော့ပါဘူး။ အာမေးနီးယားလူမျိုး ၉၉ ရာခိုင်နှုန်း လောက်က ကျနော်တို့ သမိုင်းအစဉ်အဆက် နေထိုင်ခဲ့တဲ့ နယ်မြေတွေကနေ ထွက်ခွာဖို့ ဆန္ဒရှိနေကြပါတယ်" ဟု တစ်ဖက်သတ် ခွဲထွက်နယ်မြေအဖြစ် ကြေညာထားသည့် အတ်ဆက်ခ် သမ္မတနိုင်ငံ (Republic of Artsakh) ၏ သမ္မတ ဆမ်ဗယ်လ် ရှာရာမန်ယန် (Samvel Shahramanyan) ၏ အကြံပေးပုဂ္ဂိုလ် ဒေးဗစ် ဘာဘာယန် (David Babayan) က ပြောသည်။

လက်နက်ဖြုတ်သိမ်းရေးလုပ်နေစဉ်

ကာရာဘက်ဒေသရှိ အာမေးနီးယားလူမျိုးများသည် အာမေးနီးယားနိုင်ငံနှင့် ဆက်သွယ်ထားသည် လာချင် စင်္ကြန် (Lachin corridor) မှ ဖြတ်ပြီး အာမေးနီးယားသို့ သွားရောက်ရန် ရှိ/မရှိကိုတော့ ရှင်းလင်းစွာ မသိရသေးကြောင်း ဘာဘာယန်က ပြောသည်။

အာမေးနီးယားနိုင်ငံ အတွင်းမှာတော့ ကာရာဘက်ဒေသရှိ အာမေးနီးယားလူမျိုးများကို ကယ်တင်ရန် ပျက်ကွက်မှု အတွက် ဝန်ကြီးချုပ် နီကိုးလ် ပါရှင်ယန် (Nikol Pashinyan)အား ရာထူးမှနုတ်ထွက်ရန် တောင်းဆိုနေကြသည်။

လက်ရှိတွင် ကာရာဘက်ဒေသရှိ အာမေးနီယားလူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့များကို လက်နက်ဖြုတ်သိမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေသည်ဟု ဘာဘာယန်က ပြောကြားခဲ့သည်။

Source: ရိုက်တာ