CNI International News

ဝါရှင်တန်၊ စက်တင်ဘာ ၂၃

ယခုလ အစောပိုင်းက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်တွင် ပြုလုပ်ခဲ့သည့် စက်မှုထိပ်သီးနိုင်ငံ- ၂၀ (G-20) အစည်းအဝေးတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် အခြားနိုင်ငံ့ခေါင်းဆောင်များသည် ကနေဒါ၌ ဆစ်ခ် ခွဲထွက်ရေး ခေါင်းဆောင်တစ်ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး အိန္ဒိယဝန်ကြီးချုပ်မိုဒီ (Narendra Modi)အား ၎င်းတို့၏ စိုးရိမ်မှုများကို ပြောကြားခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။ 

ကနေဒါတွင် ဆစ်ခ်ခွဲထွက်ရေး ခေါင်းဆောင် ဟာဒိပ် ဆင်း နစ်ဂျာ (Hardeep Singh Nijjar) အသတ်ဖြတ်ခံရမှု၌ အိန္ဒိယအစိုးရက ပါဝင်ပတ်သက်နေကြောင်း ကနေဒါက စွပ်စွဲထားသည်။

ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ထောက်လှမ်းရေး အချက်အလက်များ မျှဝေရန် ဖွဲ့စည်းထားသည့် Five Eyes အဖွဲ့ဝင်များသည် နစ်ဂျာ သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး မိုဒီနှင့် တိုက်ရိုက် ဆွေးနွေးခဲ့သည်ဟု Financial Times သတင်းစာက စက်တင်ဘာ ၂၁ ရက်တွင် ဖော်ပြခဲ့သည်။

Five Eyes အဖွဲ့ကို သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ ဗြိတိန်နှင့် အမေရိကန်တို့ ပူးပေါင်းဖွဲ့စည်းထားခြင်း ဖြစ်သည်။

လုပ်ကြံခံရလို့ သေဆုံးသွားတဲ့ ဆစ်ခ် ခွဲထွက်ရေးသမားကိုတွေ့ရစဉ်

နစ်ဂျာ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး မိုဒီနှင့် တိုက်ရိုက် ဆွေးနွေးရန် ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူဒိုး (Justin Trudeau)က မဟာမိတ်များကို တိုက်တွန်းခဲ့ပြီးနောက် ဘိုင်ဒန်နှင့် အခြား ခေါင်းဆောင်များသည် ထိုသေဆုံးမှုအပေါ် ၎င်းတို့၏ စိုးရိမ်မှုများအား မိုဒီကို ဖော်ပြခဲ့သည်ဟု Financial Times က ဖော်ပြခဲ့သည်။

Financial Times ၏ သတင်း ဖော်ပြချက်နှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုကို အိမ်ဖြူတော်က ချက်ချင်း မတုံ့ပြန်ခဲ့ကြောင်း ရိုက်တာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

သို့သော် အမေရိကန်သည် ထိုစွပ်စွဲချက်များနှင့်ပတ်သက်ပြီး အလွန်စိုးရိမ်ကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိ သူက စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

နစ်ဂျာ သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး ကနေဒါ၏ စွပ်စွဲချက်များကို အိန္ဒိယက ငြင်းဆိုထားပြီး ထိုစွပ်စွဲချက်များ သည် ယုတ္တိမရှိကြောင်း ပြောကြားခဲ့သည်။

ဆစ်ခ်ဘာသာဝင် တက်ကြွလှုပ်ရှားသူဖြစ်သည့် နစ်ဂျာသည် ဇွန် ၁၈ ရက်က ကနေဒါနိုင်ငံ ဗြိတိသျှ ကိုလံဘီယာ (British Columbia) ပြည်နယ်၊ ဆာရေး (Surrey) မြို့ရှိ ဆစ်ခ်ယဉ်ကျေးမှုစင်တာ (Sikh cultural center) အပြင်ဘက်တွင်  သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားခဲ့သည်။ 

မိုဒီ၊ ဘိုင်ဒန်၊ ထရူဒိုးကို တွေ့ရစဉ်

အသက် ၄၅ နှစ်အရွယ် နစ်ဂျာ လုပ်ကြံ သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး ကနေဒါသည် တိကျသည့်် သတင်း အချက်အလက်များကို မျှဝေခဲ့ခြင်း မရှိကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ 

အိန္ဒိယနိုင်ငံတွင် မွေးဖွားခဲ့သည့် ပိုက်ပြင်သမား တစ်ဦးဖြစ်သည့် နစ်ဂျာသည် ၂၀၀၇ ခုနှစ်တွင် ကနေဒါ နိုင်ငံသား ဖြစ်လာခဲ့ပြီး ခါလစ္စတန် (Khalistan) ဟု လူသိများသည့် 
လွတ်လပ်သော ဆစ်ခ် အမိမြေ ထူထောင်ရေး လှုပ်ရှားမှုကို ထောက်ခံအားပေးသူ တစ်ဦးဖြစ်သည်။

အိန္ဒိယအစိုးရကမူ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လတွင် နစ်ဂျာကို အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခဲ့သည်။

Source: အယ်လ်ဂျာဇီးယား