CNI International News

ပေကျင်း၊ စက်တင်ဘာ ၂၃

တရုတ်သည် ကမ္ဘာကြီးအတွက် အခွင့်အလမ်းများကို ပိုမိုကျယ်ပြန့်စွာ ဖွင့်ပေးရန် ဆုံးဖြတ်ထားပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ ကြီးမားသည့် မိသားစုဝင် တစ်ဦးအဖြစ် ဆက်ရှိနေမည်ဖြစ်ကြောင်း တရုတ်ဒုသမ္မတ ဟန်ကျန်း (Han Zheng) က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ဟန်သည် ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားခဲ့ချိန်၌ တရုတ်သည် လွတ်လပ်သည့် နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးရန်နှင့် မိမိ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ ခိုင်မြဲရေးကို ကာကွယ်ရန် ဆုံးဖြတ်ထားကြောင်း ပြောကြားခဲ့သည်ဟု နိုင်ငံပိုင် ဆင်ဟွာ သတင်းအေဂျင်စီက စက်တင်ဘာ ၂၁ ရက်တွင် ဖော်ပြခဲ့သည်။

"နိုင်ငံအားလုံးမှာ တရားဝင်မှုရှိတဲ့ လုံခြုံရေး စိုးရိမ်စရာ ကိစ္စတွေကို ဖြေရှင်းသင့်ပါတယ်။ နိုင်ငံအားလုံးရဲ့ အချုပ်အခြာ အာဏာနဲ့ နယ်မြေတည်တံ့ ခိုင်မြဲရေးကို လေးစားသင့်ပါတယ်။ ပြီးတော့ မတူကွဲပြားမှုတွေနဲ့ အငြင်းပွားမှုတွေကို ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းသင့်ပါတယ်" ဟု ဟန်က ပြောကြားခဲ့သည်။ 

 ယူကရိန်းစစ်သားများကို တွေ့ရစဉ်

ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး ဟန်က တရုတ်သည် ယူကရိန်းပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းရာတွင် အထောက်အကူ ဖြစ်စေမည့် အားထုတ်ကြိုးပမ်းမှုများ အားလုံးကို ထောက်ခံကြောင်းနှင့် ငြိမ်းချမ်းရေးကို စောစောရရှိစေရေးအတွက် ခိုင်မာသည့် အခန်းကဏ္ဍမှ ဆက်လက် ပါဝင်သွားရန် အသင့်ရှိကြောင်း ပြောကြား ခဲ့သည်။

တရုတ်သည် ယူကရိန်းစစ်ပွဲကို နိုင်ငံရေးအရ အဖြေရှာရန် လွတ်လပ်ပြီး သမာသမတ်ကျသည့် ရပ်တည်ချက်ကို ဆက်လက် ကိုင်စွဲထားမည်ဟုလည်း မကြာသေးမီက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi)က ရုရှားနိုင်ငံ ခြားရေးဝန်ကြီး ဆာဂျေလာဗရော့ဗ် (Sergie Lavrov) ကို ပြောကြားခဲ့သည်။

 စစ်ပွဲအလိုမရှိကြောင်း ပြသနေကြစဉ်

တရုတ်သည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက စတင်ခဲ့သည့် ရုရှား၏ ယူကရိန်း ကျူးကျော်စစ်နှင့်် ပတ်သက်ပြီး ရုရှား ကို ရှုတ်ချရန် ငြင်းဆိုခဲ့သည်။

ထို့နောက် ယူကရိန်းစစ်ပွဲ အဆုံးသတ်စေရေးအတွက် ရုရှားကို တိုက်တွန်းရန် နိုင်ငံတကာ၏ ဖိအားများနှင့် ရင်ဆိုင်ခဲ့ရသည်။

ဟန်သည် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ဆားဘီးယားသမ္မတ အလက်ဇန္ဒား ဗူချိ(Aleksandar Vucic) နှင့်လည်း သီးသန့်တွေ့ဆုံခဲ့ပြီး ၎င်းတို့နှစ်နိုင်ငံသည် ခိုင်မာသည့် မိတ်ဆွေများဖြစ်ကာ ပူးပေါင်းဆောင်ရွက် မှုများကို မြှင့်တင်ရန် ကတိပြုခဲ့ကြသည်။

ဗူချိသည် လာမည့်လတွင် ပြုလုပ်မည့် တရုတ်၏ တတိယအကြိမ်မြောက် Belt and Road ဖိုရမ်ကို တက်ရောက် မည်ဖြစ်သည်။ 

ထိုဖိုရမ်ကို နိုင်ငံပေါင်း ၁၁၀ ကျော်မှ ကိုယ်စားလှယ်များလည်း တက်ရောက်မည်ဖြစ်ပြီး တရုတ်၏ ရည်မှန်းချက် ကြီးသည့် ကုန်သွယ်ရေးနှင့် အခြေခံအဆောက်အအုံ စီမံကိန်းများကို ဆွေးနွေးမည်ဖြစ်သည်။

Source: ရိုက်တာ