CNI International News

ဝါရှင်တန်၊ ဇူလိုင် ၄

ယူကရိန်းစစ်ပွဲအတွင်း ရုရှားကို တရုတ်မှ ကူညီထောက်ပံ့ပေးမှုနှင့် ပတ်သက်ပြီး စိုးရိမ်မှုများအား  အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်က (Antony Blinken) က ဝါရှင်တန်တွင် ပြုလုပ်မည့် နေတိုး အစည်းအဝေး မတိုင်မီ ပြောကြားခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

စစ်အေးကာလ အဆုံးသတ်ချိန် ကတည်းကစပြီး ဥရောပအတွက် အကြီးမားဆုံး လုံခြုံရေးခြိမ်းခြောက်မှုကို တရုတ်က မီးထိုးပေးနေသည်ဟု ဘလင်ကင်က ပြောကြားခဲ့သည်။

ထိုပြောစကားသည် အာရှရှိ တရုတ်၏ အိမ်နီးချင်းနိုင်ငံများ ပြောကြားချက်များအတိုင်း သံယောင်လိုက် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဘလင်ကင်သည် ဝါရှင်တန်အခြေစိုက် ကျွမ်းကျင်ပညာရှင်အဖွဲ့ဖြစ်သည့် ဘရွတ်ကင်း အင်စတီကျူးရှင်း (Brooking Institution) တွင် အဆိုပါ မှတ်ချက်စကားများကို ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဥရောပက မိတ်ဆွေတွေဟာ ကမ္ဘာတစ်ဝန်းမှာ စိန်ခေါ်မှုတွေကို မြင်တွေ့နေရပြီး အာရှဒေသက စိတ်ခေါ်မှုတွေ ဟာ ဥရောပနဲ့ သက်ဆိုင်လာမယ်လို့ ယူဆထားကြပါတယ်။ အာရှဒေသက မိတ်ဆွေတွေကလည်း ကမ္ဘာတစ်ဝန်း က စိန်ခေါ်မှုတွေကို မြင့်တွေ့နေရပြီး ဥရောပက စိန်ခေါ်မှုတွေဟာ အာရှနဲ့ သက်ဆိုင်လာလိမ့်မယ်လို့ ယူဆထား ကြပါတယ်”ဟု ဘလင်ကင်က ပြောကြားခဲ့သည်။

ရှီနဲ့ပူတင်ကို တွေ့ရစဉ်

ပြီးခဲ့သည့်နှစ်က နေတိုးအဖွဲ့နှင့် ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ (Fumio Kishida) တို့၏ ပူးတွဲ အစီရင်ခံစာကို ဘလင်ကင်က ထောက်ပြခဲ့ပြီး  ဥရောပတွင် ဖြစ်ပျက်နေသည့် အခြေအနေများသည် မနက်ဖန်တွင် အာရှတွင် လည်း ဖြစ်လာနိုင်သည်ဆိုသော အချက်ကို ထိုအစီရင်စာက ပြသရာရောက်ကြောင်း ပြောကြားခဲ့သည်။

ဩစတြေးလျ၊ နယူးဇီလန်၊ ဂျပန်နှင့် တောင်က်ိုရီးယားတို့သည် အင်ဒိုပစိဖိတ်ဒေသတွင် နေတိုးအဖွဲ့၏ မိတ်ဖက် နိုင်ငံများဖြစ်ပြီး ဇူလိုင် ၉ ရက်တွင် စတင်မည့် နေတိုးအစည်းအဝေးကို တက်ရောက်မည်ဖြစ်သည်။

ထိုအာရှ ၄ နိုင်ငံမှ ခေါင်းဆောင်များသည် အဖွဲ့ဝင် ၃၂ ဦး ပါဝင်သည့် နေတိုးအဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များ နှင့် ၃ ရက်ကြာပြုလုပ်မည့် နေတိုးအစည်းအဝေးတွင် တွေ့ဆုံသွားမည်ဖြစ်သည်။

ထိုအစည်းအဝေးသည် နေတိုးအဖွဲ့အတွင်းသို့ ဆွီဒင်နိုင်ငံ ဝင်ရောက်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် ပြုလုပ်သည့် အစည်းအဝေးလည်း ဖြစ်သည်။

ပြီးခဲ့သည့်လကလည်း နေတိုးအတွင်းရေးမှူးချုပ် ဂျန်းစ် စတိုတန်ဘာ့ချ် (Jens Stoltenberg) က တရုတ်နှင့် ရုရှား အကြား ဆက်ဆံရေးများ နီးစပ်နေခြင်းကြောင့် နေတိုးအဖွဲ့သည် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်များ၊ အထူးသဖြင့် အင်ဒို-ပစိဖိတ်ဒေသတွင် မိတ်ဖက်များကို ချဲ့ထွင်ရသည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်ဟု ပြောကြားခဲ့သည်။

Source: SCMP