CNI International News

ဘေကျင်း၊ စက်တင်ဘာ ၂၆

တရုတ်၏ ဒရုန်းပညာရှင်များသည် ရုရှားနိုင်ငံပိုင် လက်နက်ထုတ်လုပ်သည့် ကုမ္ပဏီနှင့်ပူးပေါင်းပြီး စစ်ဘက်သုံး ဒရုန်းများ ထုတ်လုပ်ရေးအတွက် ရုရှားနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း ဥရောပလုံခြုံရေးအရာရှိနှစ်ဦးနှင့် အချက် အလက်များကို ကိုးကားပြီး ရိုက်တာမှ ဖော်ပြခဲ့သည်။

တရုတ်ပညာရှင်များသည် ပြီးခဲ့သည့်နှစ် ဒုတိယ သုံးလပတ် ကာလမှစပြီး ရုရှား၏ လက်နက်ထုတ်လုပ်သည့် IEMZ Kupol ကုမ္ပဏီသို့ ၆ ကြိမ်ကျော် သွားရောက်ခဲ့သည်ဟု ဆိုသည်။

ထိုကာလအတွင်း IEMZ Kupol ကုမ္ပဏီသည် တရုတ်နိုင်ငံလုပ် တိုက်ခိုက်ရေး ဒရုန်းများနှင့် ကင်းထောက် ဒရုန်း များကို ရုရှား၏ ကြားခံကုမ္ပဏီတစ်ခုမှတဆင့် လက်ခံရရှိခဲ့သည်ဟု ဥရောပအရာရှိနှစ်ဦးက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလက IEMZ Kupol ကုမ္ပဏီသည် တရုတ်နိုင်ငံတွင် ဒေသခံကျွမ်းကျင်သူများ၏ အကူအညီဖြင့် Garpiya-3 အမည်ရှိ ဒရုန်းအသစ်ကို ထုတ်လုပ်နိုင်ခဲ့သည်။

လက်ရှိတွင် ရိုက်တာသတင်းအေဂျင်စီသည် ရုရှားနိုင်ငံအတွင်း စစ်ဘက်သုံး ဒရုန်းများ ထုတ်လုပ်ရေးအတွက် စမ်းသပ်မှုများနှင့် နည်းပညာကဏ္ဍများ၌ တရုတ်ကျွမ်းကျင်သူများ  ပါဝင်ခဲ့သည့် သတင်းကို ပထမဆုံးအကြိမ် အဖြစ် အသေးစိတ် အချက်အလက်များဖြင့် ဖော်ပြခဲ့ခြင်းဖြစ်သည်။

တရုတ်ဒရုန်းကိုတွေ့ရစဉ်

အမည်မဖော်လိုသည့် ဥရောပအရာရှိများကလည်း ဒရုန်းများ ထုတ်လုပ်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုသည် ရုရှား၏ IEMZ Kupol ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီများကြား ဆက်ဆံရေး မြင့်တက်နေမှုကို ပြသရာရောက်ခဲ့ ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ထိုပူးပေါင်းဆောင်ရွက်မှုကို သတိပြုမိခြင်းမရှိကြောင်း ထုတ်ပြန်ခဲ့သည်။

“တရုတ်ဟာ ယူကရိန်း ပဋိပက္ခနဲ့ပတ်သက်ပြီး ခိုင်မာပြီး မျှတတဲ့ သဘောထားကို အမြဲတမ်း ထိန်းသိမ်းခဲ့ပါတယ်။ ဒရုန်းတင်ပို့မှုတွေ အပါအဝင် စစ်ဘက်သုံးပစ္စည်းတွေ တင်ပို့မှုကို တင်းကျပ်ထားပြီး ပဋိပက္ခမှာ အသက်သေစေ နိုင်တဲ့ လက်နက်တွေကို ဘယ်တုန်းကမှ မထောက်ပံ့ခဲ့ပါဘူး”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ကရင်မလင်၊ ရုရှားကာကွယ်ရေးဝန်ကြီးဌာနနှင့် IEMZ Kupol ကုမ္ပဏီတို့ကမူ ရိုက်တာသတင်းဌာန၏ မှတ်ချက် တောင်းခံမှုကို တုံ့ပြန်ခဲ့ခြင်းမရှိပေ။

Source: ရိုက်တာ