CNI International News
တိုကျို၊ နိုဝင်ဘာ ၄
အနောက်နိုင်ငံများအနေဖြင့် ရုရှား-တရုတ် ဆက်ဆံရေးနှင့် ၎င်းတို့ဦးဆောင်သည့် အင်အားစုအပေါ် အာရုံစိုက်သင့် ကြောင်း Nikkei Asia သတင်းမှ ဖော်ပြခဲ့သည်။
ရုရှားသမ္မတ ပူတင် (Vladimir Putin) သည် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ဖယ်ကြဉ်ခံမထားရကြောင်း ပြသသည့် အနေဖြင့် ပြီးခဲ့သည့်လက ရုရှားတွင် BRICS ညီလာခံကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။
ယူကရိန်း စစ်ပွဲနှင့်ပတ်သက်ပြီး အနောက်မဟာမိတ်နိုင်ငံများက ရုရှားကို ပိတ်ဆို့မှုများ ချမှတ်ထားသည့်တိုင် ထိုညီလာခံကို BRICS အဖွဲ့ဝင်သစ်များဖြစ်သည့် အီသီယိုပီးယား၊ အီဂျစ်၊ ယူအေအီးနှင့် အီရန်တို့ အပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်မှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
ပူတင်သည် စစ်ရာဇဝတ်မှု စွပ်စွဲချက်ဖြင့် နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံး၏ ဖမ်းဝရမ်း ထုတ်ခံခဲ့ရသည့် ၂၀၂၃ ခုနှစ် ကတည်းက ပြည်ပနိုင်ငံများသို့ လွတ်လွတ်လပ်လပ် မသွားနိုင်ခဲ့ပေ။
သို့သော် ပူတင်သည် ၂၀၂၃ ခုနှစ်နှင့် ယခုနှစ်အတွင်း ၎င်း၏ အကြီးဆုံး မဟာမိတ်ဖြစ်သည့် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ဆက်ဆံရေးများကို မြှင့်တင်ခဲ့သည်။
ရုရှားသမ္မတ ပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ကို တွေ့ရစဉ်
ထို့ကြောင့် ရုရှားနှင့် တရုတ်အကြား အနာဂတ် ဆက်ဆံရေးများသည် တစ်ကမ္ဘာလုံးအပေါ် အထူးသဖြင့် ဥရောပ နှင့် အင်ဒို-ပစိဖိတ်ဒေသအပေါ် သိသာစွာ သက်ရောက်မည်ဖြစ်သဖြင့် အနောက်နိုင်ငံများအနေဖြင့် ထိုအခြေအနေ အပေါ် အာရုံစိုက်သင့်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
တရုတ်နှင့် ရုရုားအကြား မဟာဗျူဟာမြောက် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးဆက်ဆံမှုများ မြင့်တက်မှုသည် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး၊ စီးပွားရေး တည်ငြိမ်ရေးနှင့် ကမ္ဘာတစ်ဝန်းရှိ ဒီမိုကရေစီနှင့် အာဏာရှင်နိုင်ငံများ အကြား ဟန်ချက်ညီမှုအပေါ် သက်ရောက်စေမည်ဖြစ်သည်။
တရုတ်နှင့် ရုရှားအကြား အနာဂတ် ဆက်ဆံရေးနှင့်ပတ်သက်ပြီး စိတ်မှန်းဖြစ်နိုင်ခြေ ၃ ချက်ရှိပြီး ပထမအချက်မှာ ယခုပုံစံအတိုင်း တရုတ်က ရုရှားကို ထောက်ခံပေးပြီး အနောက်အုပ်စုနှင့် သဘောထား ကွဲမည်ဖြစ်သည်။
ဒုတိယအချက်မှာ ရေရှည်တွင် တရုတ်က အနောက်နိုင်ငံများနှင့် ဆက်ဆံရေးကို ဦးစားပေးပြီး ခပ်ခွာခွာနေမည်ဆို ပါက အနောက်နိုင်ငံများအတွက် အကျိုးရှိစေမည်ဖြစ်သည်။
နောက်ဆုံးအချက်မှာ တရုတ်သည် ရုရှားနှင့်ဆက်ဆံရေးကို ပိုမိုမြှင့်တင်ပြီး အနောက်အုပ်စုကို ပိုမိုဆန့်ကျင်ဖွယ် ရှိသော်လည်း ထိုသို့ လုပ်ဆောင်ခြင်းက စီးပွားရေးကဏ္ဍတွင် တရုတ်၏ ကုန်သွယ်မှုများအား ထိခိုက်စေနိုင် ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: Nikkei Asia