CNI International News

ဘေဂျင်း၊ ဇူလိုင် ၂၀

မော်စကို၏ အိမ်နီးချင်း ယူကရိန်းအား ကျူးကျော်မှုကို တရုတ်က ဆက်လက်ထောက်ခံသည့် သင်္ကေတအဖြစ် ဇူလိုင် ၁၉ ရက်နေ့က ရေတပ်သင်္ဘောများအား ရုရှား၏ ပင်လယ်ပြင်တပ်ဖွဲ့များနှင့် ပူးတွဲစစ်ရေး လေ့ကျင့်ရန် စေလွှတ်ခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။ 

ရုရှား-ယူကရိန်းစစ်ပွဲကြောင့် စီးပွားရေးနှင့် လူသားအရေးဆိုင်ရာ ဂယက်ရိုက်မှုများ ကြီးမားနေဆဲ အချိန်မှာပဲ  ယခုလို စစ်ရေးလေ့ကျင့်မှု ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ 

ရုရှား-ယူကရိန်းစစ်ပွဲတွင် ကြားနေမည်ဟု တရုတ်က ပြောကြားခဲ့သော်လည်း အမေရိကန်နှင့် ၎င်း၏ မဟာမိတ် များသည် ရုရှားကို ရန်စနေသည်ဟု စွပ်စွဲကာ မော်စကိုနှင့် ခိုင်မာသော စီးပွားရေး၊ သံတမန်ရေးနှင့် ကုန်သွယ် ဆက်ဆံရေးများအား ဆက်လက် ထိန်းသိမ်းထားခဲ့သည်။ 

တရုတ်-ရုရှား ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် သင်္ဘော ၁၀ စင်းကျော်နှင့် လေယာဉ် အစင်း ၃၀ ကျော် ပါဝင်မည်ဟု တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနမှ ဖော်ပြခဲ့သည်။ 

တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်ဖူကို တွေ့ရစဉ်

အသေးစိတ်ကို ပြောကြားခြင်း မရှိသော်လည်း လာမည့်ရက်များတွင် ဂျပန်ပင်လယ် တစ်နေရာမှာ စစ်ရေး လေ့ကျင့်ဖွယ် ရှိသည်။ 

နိုင်ငံတကာဖိုရမ်များတွင် အမေရိကန်က ယူကရိန်းကျူးကျော်မှုအား ပြစ်တင်ရှုတ်ချသည်ကို တရုတ်က ဆန့်ကျင် ၍ ရုရှားကို ထောက်ခံပေးခဲ့သည်။ သို့သော် စစ်ပွဲ၏ မည်သည့်ဘက်ကိုမှ လက်နက် ထောက်ပံ့မည် မဟုတ်ဟု  တရုတ်က ပြောသည်။ 

ယူကရိန်းစစ်ပွဲ ဖြစ်ပွားနေချိန်တွင် နှစ်နိုင်ငံ စစ်ဖက် ဆက်ဆံရေး ရှိနေဆဲဖြစ်သည်ကို ပြသသည့်အနေဖြင့် ရုရှား ရေတပ်သင်္ဘောနှစ်စင်း တရုတ်နိုင်ငံသို့ ရောက်ရှိလာခဲ့သေးသည်။ 

ရုရှား ရေတပ် ဗိုလ်ချုပ်ကြီး နီကိုလိုင်ယဲ့မီနော့ဗ်နဲ့ ရုရှားခေါင်းဆောင် ပူတင်ကို တွေ့ရစဉ်

ရုရှားတွင် ကြေးစားစစ်သားများ အခိုက်အတန့် ပုန်ကန်နေချိန်တုန်းကလည်း တရုတ်က ရုရှားအား ထောက်ခံ ခဲ့သည်။ 

တရုတ်က စစ်ဖက် ဆက်ဆံရေးကို အဆင့်သင်တစ်ခုသို့ ရောက်ရှိအောင် ရုရှားနှင့် ပူးပေါင်းဆောင်ရွက်မှု ပုံစံ အမျိုးမျိုးကို တိုးမြှင့်သွားဖို့ မျှော်လင့်ထားကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်ဖူ(Li Shangfu)က ရုရှား ရေတပ် ဗိုလ်ချုပ်ကြီး နီကိုလိုင်ယဲ့မီနော့ဗ်(Nikolai Yevmenov)အား ပြောကြားခဲ့သည်။ 

လက်ရှိတွင် တရုတ်နိုင်ငံမှာ သင်္ဘော အရေအတွက်အားဖြင့် ကမ္ဘာ့အကြီးဆုံး ရေတပ်ကို ပိုင်ဆိုင်ထားပြီး အရွယ် အစားနှင့် နည်းပညာစွမ်းရည်တွင်ပါ ရုရှားရေတပ်ထက် သာလွန်နေသည်။

Source: AP