CNI International News

နိုင်ရိုဘီ၊ ဇူလိုင် ၂၀

ကင်ညာနိုင်ငံတွင် လူနေမှုစရိတ် ကြီးမြင့်မှုနှင့် အခွန်များ တိုးမြင့်လာမှုကြောင့် ၃ ရက်တိုက် ဆန္ဒပြပွဲ ဖြစ်ပွားလာ ခဲ့ရာ ဇူလိုင် ၁၉ ရက်နေ့၌ မြို့တော် နိုင်ရိုဘီ၏ ခီဘာရာရပ်ကွက်မှာ ဆန္ဒပြသူ ၁၀၀ ခန့်က ရဲများကို ခဲများဖြင့် ပစ်ပေါက်ခဲ့၍ နှစ်ဖက် ပဋိပက္ခဖြစ်ပွားခဲ့ကြောင်း အယ်ဂျာဇီးလ်ယားမှ ဖော်ပြခဲ့သည်။ 

ခီဘာရာတွင် ဆန္ဒပြသူများက ကားဘီးတာယာများကို မီးရှို့ခဲ့ကြရာ ရဲများက မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ် လူစုခွဲခဲ့သည်။ 

ခီဘာရာမှာ ဝါရင့်အတိုက်အခံခေါင်းဆောင် ရိုင်လာအိုဒင်ဂါ(Raila Odinga)၏ အမာခံနယ်မြေ ဖြစ်သကဲ့သို့ ၁၉၉၃ မှ ၂၀၀၃ အထိ ပါလီမန်တွင် ခီဘာရာဒေသကို ကိုယ်စားပြုခဲ့သည်။

ခီဘာရာဒေသသည် ရဲများနှင့် ရုန်းရင်းဆန်ခတ် ပဋိပက္ခများ မကြာခဏ ဖြစ်ပွားရာ နေရာဖြစ်သည်။ သို့သော် မြို့တော်၏ အခြားနေရာများမှာတော့ တည်ငြိမ်အေးချမ်းကြောင်း သိရသည်။

ဆန္ဒပြသူများနဲ့ ကင်ညာရဲတပ်ဖွဲ့ ရုန်းရင်ဆန်ခတ်ဖြစ်နေစဉ်

အာဏာပိုင်များကမူ ဇူလိုင် ၁၉ ရက်နေ့တွင် ကျောင်းများပိတ်မည်ဟု ကြေညာခဲ့သည်။ ထို့နောက် မြို့လယ်ခေါင် တွင် လုပ်ငန်းများ၊ ဆိုင်များ ပိတ်သိမ်းထားသောကြောင့် လူသူရှင်းလင်းနေသည်။ 

မြို့တော်အတွင်း ဆန္ဒပြမှုများ အဖြစ်များသည့် နေရာများတွင် အစိုးရက တပ်ဖွဲ့များကို ဖြန့်ချထားသည်။ သို့သော် လည်း မြို့တော်နေ လူအများစုသည် အိမ်အပြင်မထွက်ဘဲ အခြေအနေကို စောင့်ကြည့်နေကြသည်။ 

နိုင်ငံအနောက်ပိုင်း ဒေသတွင် ရဲက ဆန္ဒပြသူဟု ယူဆရသူများကို ဖမ်းဆီးခဲ့ သည်ဟု The Nation သတင်းစာက ဖော်ပြခဲ့သည်။ အလားတူ တန်ဇန်နီးယား နယ်စပ်အနီး မီဂိုရီတွင် ဆန္ဒပြသူ ၃ ယောက် ဆေးရုံတင်လိုက်ရသည်ဟု  Kenya Television Network သတင်းတွင် ဖော်ပြထားသည်။ 

သမ္မတ ဝီလျံရူတိုကိုတွေ့ရစဉ်

ယခုလ အစောပိုင်းက အကြမ်းဖက်မှုအဖြစ် ပြောင်းလဲသွားသည့် ဆန္ဒပြမှုများတွင် ရဲတပ်ဖွဲ့က မျက်ရည်ယို ဗုံးများ ဖြင့် လူစုခွဲခဲ့သည့်အပြင် အချို့နေရာများ၌ ကျည်အစစ်ဖြင့် ပစ်ခတ်သောကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံးပြီး ရာပေါင်းများစွာ အဖမ်းခံခဲ့ရသည်။ 

ပြီးခဲ့သည့်နှစ် သြဂုတ်လက ရွေးကောက်တင်မြှောက် ခံခဲ့ရသည့် သမ္မတ ဝီလျံရူတို (William Ruto)၏ အစိုးရက ပြီးခဲ့သည့် ဇွန်လက အခွန်အခများကို တိုးမြှင့်ပြဋ္ဌာန်းလိုက်သည်။ 

ဆင်းရဲသားများ၏ အကျိုးစီးပွားကို ဦးထိပ်ထားမည်ဟု ကတိရှိခဲ့သော်လည်း သူ့အစိုးရ လက်ထက်တွင် အခြေခံ ကုန်စည်ဈေးနှုန်းများ မြင့်တက်လာခဲ့သောကြောင့် အတိုက်အခံပါတီက ဆန္ဒပြကြရန် တိုက်တွန်းလာခဲ့သည့် အခြေအနေဖြင့် ရင်ဆိုင်နေရသည်။

Source:  အယ်ဂျာဇီးလ်ယား