CNI International News

အဘူဂျာ၊ ဩဂုတ် ၃

နိုက်ဂျီးရီးယားနိုင်ငံတွင် ဆန္ဒပြမှုများနှင့် ဆူပူအုံကြွမှုများကြောင့် လူ ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီးနောက် နိုက်ဂျီးရီးယား ရဲတပ်ဖွဲ့သည် သတိပေးနှိုးဆော်ချက်ကို အမြင့်ဆုံးအဆင့်အထိ ထုတ်ပြန်ထားကာ စစ်တပ်၏ အကူအညီကို ရယူဖွယ်ရှိနေသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

နိုက်ဂျီးရီးယား၏ အဘူဂျာ (Abuja) မြို့တော်နှင့် နိုင်ငံမြောက်ပိုင်းရှိ ကာနို (Kano) မြို့ အပါအဝင် အဓိကမြို့ကြီး အချို့တွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့အကြား ခိုက်ရန်ဖြစ်ပွားမှုများ၊ ပစ္စည်းများကို ဖောက်ထွင်းလုယူမှုများ ရှိခဲ့ သည်ဟု မျက်မြင်များက ပြောကြားခဲ့သည်။

ဇူလိုင် ၃၁ ရက် နှောင်းပိုင်းက ရဲတပ်ဖွဲ့သည် ပြည်သူ့ဘေးကင်းလုံခြုံရေးကို ခြိမ်းခြောက်မည့် အခြေအနေအား လျှင်မြန်စွာ တုန့်ပြန်ရန်အတွက် အင်အားအပြည့် တပ်စုခဲ့ပြီး ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ စုံစမ်း ထောက်လှမ်းရေး အကြီးအကဲ ကာယိုဒီ အက်ဘီတိုကန် (Kayode Egbetokun) က ပြောကြားခဲ့သည်။

"လက်ရှိ အခြေအနေအရ နိုက်ဂျီးရီးယားရဲတပ်ဖွဲ့ဝင် အားလုံးကို အနီရောင် သတိပေးနှိုးဆော်ချက် ထုတ်ပြန်ထား ပါတယ်။ ရဲတပ်ဖွဲ့ဟာ အခြေအနေကို ထိန်းချုပ်ဖို့အတွက် သင့်လျော်သလို တုန့်ပြန်ဆောင်ရွက်သွားမှာဖြစ်ပြီး လိုအပ်လာမယ်ဆိုရင် စစ်တပ် အပါအဝင် အခြားလုံခြုံရေးအေဂျင်စီတွေရဲ့ အကူအညီကို ရယူသွားမှာပါ" ဟု အက်ဘီတိုကန်က ပြောကြားခဲ့သည်။

နိုက်ဂျီးရီးယား ဆန္ဒပြသူများကို တွေ့ရစဉ်

ကင်ညာနိုင်ငံတွင် လူငယ်များဦးဆောင်သည့် ဆန္ဒပြမှုများကို အတုယူပြီး နိုက်ဂျီးရီးယား နိုင်ငံသားများသည် နိုက်ဂျီးရီးယားတွင် ဆိုးရွားသည့် အုပ်ချုပ်ပုံစနစ် အဆုံးသတ်ရေး ဆန္ဒပြလှုပ်ရှားမှုကို အွန်လိုင်းပေါ်မှတစ်ဆင့် စည်းရုံးလှုံ့ဆော်ခဲ့ကြသည်။

နိုက်ဂျီးရီးယားတွင် ငွေတန်ဖိုးကျဆင်းမှု၊ သာမန်လူတန်းစားများအတွက် စားဝတ်နေရေး ကျပ်တည်းမှု၊ ငွေကြေး ဖောင်းပွမှုတို့ကို ဖြစ်စေခဲ့သည့် သမ္မတ ဘိုလာ တင်နျူဘူ (Bola Tinubu) ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ဆန္ဒပြသူများက ဒေါသထွက်ခဲ့ကြသည်။

တင်နျူဘူက ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကြောင့် ထိခိုက်နစ်နာမှုများ ရှိနေသည်ကို နားလည်ကြောင်း သို့သော် ထိုအစီအစဉ်များသည် နိုက်ဂျီးရီးယား၏ စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ် ရောက်ရှိ စေမည့် နည်းလမ်းများဖြစ်သည်ဟု ပြောကြားခဲ့သည်။

ကာနိုမြို့တည်ရှိသည့် ကာနိုပြည်နယ်သည် မွတ်ဆလင် အများစုနေထိုင်ပြီး လူဦးရေ အထူထပ်ဆုံး ပြည်နယ်ဖြစ် သည်။

ထိုပြည်နယ်တွင် ဆန္ဒပြသူများက စျေးဆိုင်တစ်ဆိုင်နှင့် အစိုးရရုံးတစ်ရုံးကို ဖောက်ထွင်းဝင်ရောက်ပြီး ပစ္စည်းများကို လုယူခဲ့ပြီးနောက် ပြည်နယ်အတွင်း ၂၄ နာရီ ကာဖျူးအမိန့် ထုတ်ပြန်ထားသည်။

Source: ရိုက်တာ