CNI International News

အဘူဂျာ၊ သြဂုတ် ၅

နိုက်ဂျီးရီးယားသမ္မတ ဘိုလာ တင်နျူဘူ (Bola Tinubu) က နိုင်ငံအတွင်း ဖြစ်ပွားနေသည့် ဆန္ဒပြမှုများကို ရပ်တန့်ရန်နှင့် ဆွေးနွေးညှိနှိုင်းရေး အခြေအနေကို ဖန်တီးရန် သြဂုတ် ၄ ရက်က တိုက်တွန်းခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

နိုင်ငံအတွင်း ကုန်ဈေးနှုန်းများ မြင့်တက်မှုကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ ပြီးခဲ့သည့် သီတင်းပတ်မှစပြီး ဖြစ်ပွား ခဲ့ချိန် ကတည်းက ပြည်သူလူထုကို ပထမဆုံး မိန့်ခွန်းပြောကြားရာမှာ တင်နျူဘူက ထိုကဲ့သို့ တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

ဆန္ဒပြမှုများ စတင်ဖြစ်ပွားခဲ့သည့် ပထမဆုံးနေ့ဖြစ်သည့် ဩဂုတ် ၁ ရက်တွင် ဆန္ဒပြသူများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအကြား ခိုက်ရန်ဖြစ်ပွားခဲ့သဖြင့် လူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

နိုက်ဂျီးရီးယားသမ္မတ ဘိုလာ တင်နျူဘူကို တွေ့ရစဉ်

ရဲတပ်ဖွဲ့ကမူ အင်အားသုံး ဖြိုခွင်းခြင်းမရှိကြောင်း ငြင်းဆိုထားပြီး ဩဂုတ် ၃ ရက်တွင် နိုင်ငံအရှေ့မြောက်ပိုင်း ဘော်နို (Borno) ပြည်နယ်၌ ချီတက်ဆန္ဒပြမှုအတွင်း ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သဖြင့် လူ ၄ ဦး သေဆုံးကာ လူ ၂ ဦးသည် ကားတိုက်ခံရသဖြင့် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ထို့ပြင် ဆန္ဒပြသူများသည် စတိုးဆိုင်တစ်ဆိုင်ကို ဝင်ရောက်လုယက်ချိန်တွင် အစောင့်တစ်ဦး၏ ပစ်ခတ်မှုကြောင့် လူ ၁ ဦး သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

နိုက်ဂျီးရီးယားသမ္မတ တင်နျူဘူကမူ ဆန္ဒပြမှုများ ဖြစ်ပွားချိန်ကတည်းက ပြည်နယ်အချို့တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုကို အဆုံးသတ်ရန် တိုက်တွန်းခဲ့ပြီး ဆွေးနွေးရန် လမ်းဖွင့်ပေးထားကြောင်း ပြောကြားခဲ့သည်။

နိုက်ဂျီးရီးယား ဆန္ဒပြသူများကိုတွေ့ရစဉ်

"ချစ်ခင်လေးစားရပါသော နိုက်ဂျီးရီးယား နိုင်ငံသားများခင်ဗျား။ သင်တို့ရဲ့ ကျယ်လောင်ပြီး ပြတ်သားတဲ့အသံတွေ ကို ကျနော် ကြားရပါတယ်။ ဒီဆန္ဒပြမှုကို ဖြစ်စေခဲ့တဲ့ နာကျင်မှုတွေ၊ စိတ်ပျက်မှုတွေကို နားလည်ပါတယ်။ ကျနော်တို့အစိုးရဟာ ပြည်သူတွေရဲ့ စိုးရိမ်မှုတွေကို နားထောင်ပြီး ဖြေရှင်းပေးသွားမယ်ဆိုတာ ပြောကြားလိုပါ တယ်" ဟု တင်နျူဘူက ပြောကြားခဲ့သည်။

သို့သော် မိမိတို့နိုင်ငံအား ပြိုကွဲသွားစေမည့် အကြမ်းဖက်မှုများ၊ ဖျက်ဆီးမှုများကိုမူ ခွင့်ပြုမည် မဟုတ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

နိုက်ဂျီးရီးယားတွင် လောင်စာဆီစျေးများ၊ မီတာခများကို လျှော့ချရန် ဆန္ဒပြသူများက တောင်းဆိုနေကြပြီး အစိုးရ၏ အုပ်ချုပ်ပုံညံ့ဖျင်းမှုနှင့် စီးပွားရေး အကျပ်အတည်းကို ဒေါသထွက်ခဲ့ကာ အွန်လိုင်းပေါ်မှတစ်ဆင့် ဆန္ဒပြမှုများပြုလုပ်ရန် လှုံ့ဆော်ခဲ့ကြခြင်းဖြစ်သည်။

Source: ရိုက်တာ