CNI International News
အဘူဂျာ၊ မေလ ၂၇
နိုက်ဂျီးရီးယားနိုင်ငံ၏ အရှေ့တောင်ပိုင်းတွင် ပိတ်ပင်ခံထားရသော ခွဲထွက်ရေးအဖွဲ့ဖြစ်သည့် လက်နက်ကိုင်အဖွဲ့ ဖြစ်သော(IPOB)က ဒေသခံများကို နေအိမ်အတွင်း၌သာ နေထိုင်ကြရန် အမိန့်ထုတ်ပြန်ခဲ့မှုကြောင့် လွန်ခဲ့သည့် လေးနှစ်ကျော်အတွင်း ဒေသတွင်း သေဆုံးသူ ၇၀၀ ကျော်ရှိကြောင်း ထောက်လှမ်းရေးအဖွဲ့တစ်ဖွဲ့၏ အစီရင်ခံစာ အသစ်တွင် ဖော်ပြထားသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
နိုက်ဂျီးရီးယားအရှေ့တောင်ပိုင်းဒေသကို ခွဲထွက်ရန် ကြိုးပမ်းနေသည့် IPOB အဖွဲ့ကို နိုက်ဂျီးရီးယားအာဏာပိုင် များက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည်။
SBM ထောက်လှမ်းရေးအဖွဲ့၏ အစီရင်ခံစာအရ IPOB အဖွဲ့သည် အပတ်စဉ် တနင်္လာနေ့တိုင်း နေအိမ်အတွင်း၌ သာ နေထိုင်ရန် ထုတ်ပြန်ထားသည့် အမိန့်ကို မလိုက်နာသော အရပ်သားများကို သတ်ဖြတ်ခဲ့ကြောင်း ဖော်ပြထား သည်။
ထို့ပြင် IPOB နှင့် အစိုးရတပ်ဖွဲ့များကြား တိုက်ပွဲများတွင်လည်း အရပ်သားများ သေဆုံးခဲ့သည်ဟု ဆိုသည်။
IPOB ခေါင်းဆောင် နမ်ဒီကာနူကို တွေ့ရစဉ်
“မီးရှို့မှုတွေ၊ လုယက်မှုတွေနဲ့ ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်မှုတွေ အပါအဝင် IPOB ရဲ့ နည်းဗျူဟာတွေက အကြောက်တရားကို ဖန်တီးနေပါတယ်”ဟု SBM ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“၂၀၂၁ ခုနှစ်မှာ နေအိမ်အတွင်းမှာသာ နေထိုင်ကြဖို့ ထုတ်ပြန်ထားတဲ့ အမိန့်ကို လိုက်နာမှုနှုန်း ၈၂.၆၁ ရာခိုင်နှုန်း အထိ မြင့်တက်ခဲ့ပေမယ့်လည်း သုတေသန လေ့လာချက်အရ အမှန်တကယ် လိုက်နာမှုနှုန်းက ၂၉ ရာခိုင်နှုန်းပဲရှိ ပြီး အများစုကတော့ အတင်းအကြပ်စေခိုင်းလို့ လိုက်နာနေရတာ ဖြစ်ပါတယ်”ဟု အစီရင်ခံစာတွင် ဖော်ပြထား သည်။
IPOB ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကမူ ထိုသေဆုံးမှုများအတွက် ၎င်းတို့အဖွဲ့တွင် တာဝန်မရှိကြောင်း ငြင်းဆိုထား သည်။
အစိုးရကမူ စစ်တမ်းနှင့်ပတ်သက်ပြီး မှတ်ချက်ပြု ထုတ်ပြန်ထားခြင်း မရှိပေ။
၂၀၂၁ ခုနှစ်၊ သြဂုတ်လက နိုင်ငံအရှေ့တောင်ပိုင်းရှိ ပြည်နယ် ၅ ခုတွင် IPOB သည် ဒေသခံများကို နေအိမ် အတွင်းမှာသာ နေထိုင်ရန်နှင့် အပြင်မထွက်ရ အမိန့်ကို ထုတ်ပြန်ခဲ့သည်။
IPOB အဖွဲ့သည် အဘူဂျာ (Abuja) မြို့တော်တွင် အကြမ်းဖက်မှု စွဲချက်များဖြင့် တရားရင်ဆိုင်နေရသည့် ၎င်းတို့၏ ခေါင်းဆောင် နမ်ဒီကာနူ(Nnamdi Kanu)ကို ပြန်လွှတ်ပေးရန်အတွက် အစိုးရကို ဖိအားပေးရန် ထိုအမိန့်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
Source: ရိုက်တာ