စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို နိုက်ဂျီးရီးယားသမ္မတ ကာကွယ်ပြော

CNI International News

အဘူဂျာ၊ မေလ ၃၁

နိုက်ဂျီးရီးယားသမ္မတ ဘိုလာ တင်နူဘူ (Bola Tinubu) ၎င်းတို့ အစိုးရအဖွဲ့က လုပ်ဆောင်နေသည့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်များကို မေလ ၂၉ ရက်၌ ပြောကြားခဲ့သည့် မိန့်ခွန်းအတွင်း ကာကွယ်ပြောဆိုခဲ့ သည်ဟု DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

“ကျနော်တို့ရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေက အလုပ်ဖြစ်ပါတယ်။ စီးပွားရေးအရ ပိုမိုကြီးမြတ်ပြီး တည်ငြိမ်မှု ရှိတဲ့ နိုင်ငံအဖြစ် ထူထောင်တဲ့ လမ်းကြောင်းပေါ်ကို ရောက်နေပါပြီ” ဟု တင်နူဘူက သမ္မတသက်တမ်း ၂ နှစ်ပြည့် နှစ်ပတ်လည်တွင် မိန့်ခွန်းပြောကြားခဲ့သည်။

တင်နူဘူ၏ အစိုးရသည် အာဏာရ လာခဲ့ပြီးနောက်ပိုင်း နိုက်ဂျီးရီးယားနိုင်ငံသုံး ငွေဖြစ်သည့် နိုင်ရာ ငွေကြေး တန်ဖိုးကို ၂ ကြိမ် လျှော့ချခဲ့ပြီ လျှပ်စစ်ဓာတ်အားခနှင့် လောင်စာစျေးနှုန်းများတွင် အစိုးရ၏ ထောက်ပံ့မှုများကို လျှော့ချခဲ့သည်။

နိုက်ဂျီးရီးယားသည် အာဖရိကတွင် ရေနံစိမ်း ထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်သည်။

ပုံစာ- နိုက်ဂျီးရီးယားက ဈေးတန်းကိုတွေ့ရစဉ်

“စားဝတ်နေရေးအတွက် ထိခိုက်မှုတွေ ရှိခဲ့ပေမယ့် ကျနော်တို့ဟာ မငြင်းနိုင်လောက်တဲ့ တိုးတက်မှုတွေ ရရှိခဲ့ ပါတယ်။ ကျ‌နော်တို့ရဲ့ စီးပွားရေးဟာ တည်ငြိမ်သွားပါပြီ။ အခုဆိုရင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရး ဂယက်ရိုက်ခတ် မှုတွေကို ကြံ့ကြံ့ခံနိုင်အောင် ပြင်ဆင်ထားပြီး ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ်ကို ရောက်နေပါပြီ”ဟု တင်နူဘူက ပြောသည်။

နိုက်ဂျီးရီးယားနိုင်ငံသည် ငွေကြေးဖောင်းပွမှု ဆက်လက် မြင့်တက်နေမှုနှင့် ရင်ဆိုင်နေရကြောင်း ကမ္ဘာ့ဘဏ်က သတိပေးခဲ့သော်လည်း တစ်ချိန်တည်းမှာပင် နိုက်ဂျီးရီးယားသည် တင်နူဘူ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ကြောင့် ၁၀ နှစ်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း အမြင့်ဆုံး အနေအထား ဖြစ်လာကြောင်း ထုတ်ပြန်ခဲ့ သည်။

တင်နူဘူ၏ စီးပွားရး ပြုပြင်ပြောင်းလဲမှုများ စတင် လုပ်ဆောင်ချိန်ကစပြီး နိုက်ဂျီးရီးယားတွင် ငွေကြေးဖောင်းပွမှု နှုန်းသည် ၂၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

လောင်စာစျေးနှုန်းများ မြင့်တက်ခြင်း၊ အစားအစာ စျေးနှုန်းများ ဖောင်းပွခြင်း၊ မီတာခများ ပိုမိုမြင့်တက်ခြင်း အစရှိသည့် အခြေအနေများက နိုက်ဂျီးရီးယား၏ အောက်ခြေပြည်သူများကို စိတ်ပျက်စေခဲ့သည်။

ထို့ပြင် လူသုံးကုန်ပစ္စည်းများ မြင့်တက်မှုကြောင့် ပြည်သူများကြား ဒေါသများ မြင့်တက်ခဲ့ပြီး ပြီးခဲ့သည့်နှစ်နှင့် ယခုနှစ်များတွင် လမ်းများပေါ်၌ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

အချို့ဆန္ဒပြမှုများသည် ဆူပူအုံကြွမှုများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့များကြား ခိုက်ရန် ဖြစ်ပွားခဲ့သဖြင့် သေဆုံးမှုများလည်း ရှိခဲ့သည်။

Source: DW