CNI International News

လာပက်ဇ်၊ မေလ ၂၁

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြစ်ပွားနေသော ဆန္ဒပြမှုများနှင့် လမ်းပိတ်ဆို့မှုများကြောင့် လာပက်ဇ် (La Paz) မြို့တော် ဝန်းရံပိတ်ဆို့ခံရသည့် အခြေအနေအထိ ကြီးမားသော နိုင်ငံရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရ ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

ဘိုလစ်ဗီယားနိုင်ငံတွင် သမ္မတ ရိုဒရီဂို ပတ်ဇ် ( Rodrigo Paz ) သည် ရာထူးသက်တမ်း ၆ လ မပြည့်မီ အချိန်မှာ ပင် ယခုလို ဆန္ဒပြမှုများဖြင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

ဘိုလစ်ဗီယား အလုပ်သမားများ ဗဟိုချုပ်ကိုင်မှုအဖွဲ့(COB)၊ လယ်သမားသမဂ္ဂများနှင့် သတ္တုတွင်းလုပ်သားများ ဦးဆောင်သည့် ဆန္ဒပြသူများသည် လာပက်ဇ်မြို့တော်ကို သီတင်းနှစ်ပတ်ကြာ ပိတ်ဆို့ထားသဖြင့် မြို့တော်တွင်းရှိ ဈေးများတွင် ကုန်ပစ္စည်းများ ပြတ်လပ်သွားခဲ့ပြီး ဆေးရုံများအတွက် မရှိမဖြစ် လိုအပ်သော အောက်ဆီဂျင် သိုလှောင်မှုများလည်း ကုန်ခန်းလုနီးပါး ဖြစ်ခဲ့သည်။

ထို့ပြင် အရေးပေါ် လူနာတင်ယာဉ်များ ဆေးရုံများသို့ မသွားရောက်နိုင်အောင် ပိတ်ဆို့ခံခဲ့ရမှုကြောင့် လူနာ ၃ ဦး ထက်မနည်း သေဆုံးခဲ့ရကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

မေလ ၁၈ ရက်တွင်မူ ဘိုလစ်ဗီးယားနိုင်ငံ၏ သြဇာညောင်းသော သမ္မတဟောင်း အီဗို မိုရာလက်စ် (Evo Morales) အား ထောက်ခံသူများကပါ ဆန္ဒပြသူများနှင့် ပူးပေါင်းကာ သမ္မတ ပတ်ဇ်ကို ရာထူးမှနုတ်ထွက်ရန် တောင်းဆိုခဲ့ပြီး ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ကာ အဓိကရုဏ်း ဖြစ်ပွားခဲ့သည်။

ဘိုလစ်ဗီးယားဆန္ဒပြသူကို ဖမ်းဆီးလာစဉ်

လက်ရှိသမ္မတသည် လွှတ်တော်တွင်း အမတ်အများစု၏ ထောက်ခံမှု မရှိသည့်အပြင် အုပ်ချုပ်ရေးယန္တရားကို ကျောထောက်နောက်ခံ ပြုပေးမည့် ခိုင်မာသော နိုင်ငံရေးပါတီလည်း မရှိပေ။

ထိုမငြိမ်မသက်မှုများသည် လွန်ခဲ့သော ၆ လက ရွေးကောက်ပွဲ အနိုင်ရပြီး အာဏာရလာခဲ့သည့် စီးပွားရေး လိုလားသော သမ္မတ ပတ်ဇ်အတွက် အကြီးမားဆုံးသော စိန်ခေါ်မှုကြီး ဖြစ်နေသည်။

တစ်နိုင်ငံလုံးနီးပါးတွင် လမ်းပိတ်ဆို့မှုများ ရှိနေသည့်တိုင် သမ္မတ ပတ်ဇ်က ဒီမိုကရေစီကို ဖျက်ဆီးရန် ကြိုးစား နေသူများ အကျဉ်းချခံရမည်ဖြစ်ကြောင်း သတိပေး ပြောကြားခဲ့သည်။

အဆိုပါ ကန့်ကွက် ဆန္ဒပြမှုများတွင် ဘိုလစ်ဗီယား အလုပ်သမား ဗဟိုချုပ်ကိုင်မှုအဖွဲ့က လုပ်ခလစာများ တိုးမြှင့် ပေးရန် စတင် တောင်းဆိုခဲ့ကြပြီး၊ လယ်သမားသမဂ္ဂများကမူ ဓာတ်ဆီ ပုံမှန်ရရှိရေးအတွက် တောင်းဆိုခဲ့ကြ သည်။

သတ္တုတွင်း လုပ်သားများကလည်း သတ္တုတူးဖော်ရေး နယ်မြေများ ရရှိရေးအတွက် သီးခြား ညှိနှိုင်းမှုများ ပြုလုပ် နေပြီး၊ အစိုးရ စာသင်ကျောင်းများမှ ဆရာ/ဆရာမများကလည်း လစာတိုးမြှင့်ရေးအတွက် သီးသန့်ဆွေးနွေးမှုများ ပြုလုပ်နေသည်။

Source: အေပီ