CNI News

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၅

ထိုင်းဝန်ကြီးချုပ် ဆရီသာကို ရာထူးမှဖယ်ရှားရန်ဆုံးဖြတ်ခဲ့ပြီးနောက် အခြားသော နိုင်ငံရေး အပြောင်းအလဲ များကြားတွင် ရွှေ့ပြောင်းလုပ်သားများနှင့်သက်ဆိုင်သည့် လုပ်ငန်းစဉ်များမှာ ကြန့်ကြာသွားနိုင်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ထိုင်းဝန်ကြီးချုပ် ဆရီသာကို ရာထူးမှဖယ်ရှားရန် သြဂုတ် ၁၄ ရက်နေ့ မှာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး သူသည် ဖြူးထိုင်းပါတီမှ ဖြစ်သည့်အတွက် ဝန်ကြီးချုပ်အသစ် ရွေးချယ်ရာတွင်လည်း ဖြူးထိုင်းပါတီမှ ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။

ထို့ကြောင့် ရွှေ့ပြောင်းအလုပ်သမားများနှင့်ပတ်သက်၍ မူဝါဒအပြောင်းအလဲများ မဖြစ်နိုင်သော်လည်း အချိန် ကြန့်ကြာမှုများ ရှိသွားနိုင်ကြောင်း အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း LRF မှ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

 ရာထူးက ဖယ်ရှားခံလိုက်ရတဲ့ ထိုင်း၀န်ကြီးချုပ် ဆရီသာကိုတွေ့ရစဉ်

၎င်းက “မူလက ကျ‌နော်တို့က ထိုင်းနိုင်ငံအတွင်းမှာ ရှိနေကြတဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်ဆိုတဲ့ အလုပ်သမားတွေကို နေထိုင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ပြုလုပ်ပေးတော့မယ်ဆိုပြီး ရှေ့ပြေးအနေနဲ့ ကြေညာ ချက်ထွက်ပြီးသား။ သို့သော် နောက်ဆက်တွဲ အလုပ်သမားဝန်ကြီးဌာနရယ်၊ ကျန်းမာရေးဌာနရယ်၊ ပြည်ထဲရေး ဝန်ကြီးဌာနရယ်က တိုင်ပင်ပြီးမှ ဘယ်နေ့၊ ဘယ်ရက်မှာ ဘယ်လိုပုံစံနဲ့ စမယ်ဆိုတာကို ကြေညာပါမယ်လို့ ထုတ်ပြန်ချက် ထုတ်ထားတယ်။ ဒီအခြေအနေမျိုးမှာ အခုလိုမျိုး လျှပ်တစ်ပြက်ကြီး အပြောင်းအလဲတွေ ဖြစ်ကုန် တယ်ဆိုတော့ နောက်ထပ် အစိုးရအသစ် ဖွဲ့စည်းပြီးသည်အထိ စောင့်ဆိုင်းရမှာ ဖြစ်တဲ့အတွက်ကြောင့် ထိုင်းနိုင်ငံ အတွင်းမှာ နေထိုင်အလုပ်လုပ်ခွင့် လက်မှတ်ရဖို့ စောင့်ဆိုင်းနေကြတဲ့ ရွှေ့ပြောင်း လုပ်သားတွေအတွက်တော့ နည်းနည်း အဟန့်အတား ဖြစ်သွားတာပေါ့။ လုပ်တော့လုပ်ပေးလိမ့်မယ်၊ ဒါပေမယ့် အချိန်အားဖြင့် တော်တော် နောက်ဆုတ်သွားလိမ့်မယ်” ဟု ပြောသည်။

ဝန်ကြီးချုပ် ဆရီသာသည် ရာဇဝတ်မှုဖြင့် စီရင်ချက် ချခံခဲ့ရသူ မစ္စတာပီချစ်ကို အစိုးရအဖွဲ့အတွင်း ရာထူး ခန့်အပ်ခဲ့ခြင်းကြောင့် ကျင့်ဝတ်ချိုးဖောက်သည်ဟုဆိုကာ တရားရုံးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ဆရီသာကို ရာထူးမှဖယ်ရှားရန် မဲခွဲဆုံးဖြတ်ရာတွင် ၅ မဲအနက် ၄ မဲက သဘောတူကြောင်း မဲပေးခဲ့ခြင်းဖြစ်သည်။

ဆရီသာကို ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားလိုက်ခြင်းကြောင့် ထိုင်းနိုင်ငံရေးတွင် အကျပ်အတည်းဖြစ်ပေါ် လာနိုင်ကြောင်း သုံးသပ်လျက်ရှိနေသည်။

ရွှေ့ပြောင်းလုပ်သားများကိုတွေ့ရစဉ်

သို့သော် ဝန်ကြီးချုပ်အသစ် ရာထူးအတွက် ဖြူးထိုင်းပါတီမှ မဟုတ်ဘဲ အခြားပါတီမှ အရွေးချယ်ခံရမည်ဆိုပါက အပြောင်းအလဲများ ဖြစ်သွားနိုင်ကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED မှ အလုပ်သမား တာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဆရီသာတို့ ပါတီကပဲ အတည်ပြုပြီး ရွေးကောက်တင်မြှောက် တယ်ဆိုရင်တော့ ဒါက ပါတီရဲ့ မူဝါဒ လမ်းစဉ်က ရှိထားပြီးသား အဲဒီအတိုင်းပဲ ဆက်သွားမှာ။ သိပ်ကွာမှာ မဟုတ်ဘူး။ ဒါပေမယ့် ဖြစ်နိုင်ခြေရှိတာ ၅၀ ရာခိုင်နှုန်းက အရင်တုန်းက စစ်အစိုးရလက်ထက်တုန်းက ဒုဝန်ကြီးချုပ်နဲ့ ကျန်းမာရေးဝန်ကြီး လုပ်သွားပြီးတော့မှ ဒီဘက် ရွေးကောက်ပွဲ ဝင်တဲ့အခါကြတော့ သူ့ပါတီက အတိုင်းအတာတစ်ခုအထိ မဲရခဲ့တယ်။ ဆိုတော့ သူ့ကို လည်း ရနိုင်တယ်လို့ ပြောတယ်။ အဲဒီအပေါ် မူတည်တာပေါ့။ တကယ်လို့ သူရတယ်ဆိုရင်တော့ တစ်မျိုးဖြစ်နိုင် တယ်။ ဘာလို့ဆို သူက သူ့ပါတီနဲ့ သူ့မူဝါဒရှိတယ်လေ” ဟု ပြောသည်။

ဖြူးထိုင်းပါတီသည် မဲဆွယ်စည်းရုံးစဉ် ကာလကတည်းက ရွှေ့ပြောင်း အလုပ်သမားများနှင့်ပတ်သက်ပြီး ကတိကဝတ်များ ပြုခဲ့ကြသဖြင့် ထိုင်းဝန်ကြီးချုပ် ဆရီသာ လက်ထက်တွင် ရွှေ့ပြောင်းအလုပ်သမားများ အခြေခံလုပ်ခလစာအား ဘတ် ၄၀၀ သို့ တိုးမြှင့်ပေးရန်၊ နေထိုင်အလုပ်လုပ်ကိုင်ခွင့် အထောက်အထားများ ထုတ်ပေးရန်တို့ကို လုပ်ဆောင်ခဲ့သည်။

လက်ရှိ ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ် အပြောင်းအလဲသာမက အခြားတစ်ဖက်တွင်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးက အတိုက်အခံပါတီဖြစ်သည့် Move Forward Party(MFP)ကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့သလို ပါတီခေါင်းဆောင်များကိုလည်း နိုင်ငံရေးလုပ်ခွင့် ၁၀ နှစ်ပိတ် ပင်ခဲ့သည်။