CNI News 

၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်တွင် စက်သုံးဆီဝယ်ယူရ ခက်ခဲလာခြင်းကြောင့် လူမှုကူညီရေးအသင်းများ သည် ပရဟိတလုပ်ငန်းများ လုပ်ကိုင်ရာ၌ အခက်အခဲများရှိလာ၍ ပရဟိတလုပ်ငန်းများ ရပ်နားရမည့် အခြေအနေ ဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။

တောင်ငူမြို့ပေါ်မှ ဆီဆိုင်ကြီးများနှင့် လမ်းဘေး ဆီဆိုင်ငယ်များတွင် စက်သုံးဆီကို အကန့်အသတ်ဖြင့် ဝယ်ယူ နေရကြောင်း၊ လုံလုံလောက်လောက် စက်သုံးဆီ ဝယ်ယူ၍ မရရှိခြင်းနှင့် စျေးနှုန်းကြီးမြင့်မှုများကြောင့် လူနာ ပို့ဆောင်ရန် အခက်အခဲများ ဖြစ်လာသည်ဟု တောင်ငူမြို့အခြေစိုက် ပစ်တိုင်းထောင် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “ကျနော်တို့ ကြိုတင်ထည့်ထားတဲ့ ဆီတော့ ရှိတယ်လေ၊ ကားထဲမှာပေါ့၊ ယာဥ်နဲ့ ပတ်သတ်ပြီးတော့ပေါ့။ တခြား လုပ်ဆောင်ချက်တွေကတော့ လုပ်သွားမှာပဲလေ။ ကျနော်တို့ ရပ်ကွက်နဲ့ ပတ်သက်လာရင် သာရေးနာရေး တော့ လုပ်ဆောင်သွားမှာပါ။ ဒါပေမယ့် ယာဥ်နဲ့ပတ်သက်တာကတော့ လောလောဆယ် ကားထဲကဆီ ရှိနေသ၍ ထိတော့ ကျနော်တို့က လုပ်ပေးရမှာပဲ။ လုံးဝမရတော့ဘူး ဆိုရင်တော့ ကျနော်တို့ အသင်းအားလုံး အစည်းအဝေး သဘောလေးထိုင်ပြီး‌တော့ ဘာလုပ်သင့်လဲဆိုတာ ဆုံးဖြတ်ရမှာပေါ့လေ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်ကို တွေ့ရစဉ်

စက်သုံးဆီ ပြတ်လပ်နေခြင်းကြောင့် လူမှုကူညီရေးအသင်းများသည် အချင်းချင်း ချိတ်ဆတ်၍ လုပ်ဆောင်နေရ ကြောင်း တောင်ငူမြို့အခြေစိုက် ပစ်တိုင်းထောင် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “ ကျနော်တို့ အသင်းတွေကတော့ တစ်သင်းနဲ့တစ်သင်း အချိတ်အဆက်တွေ ရှိကြတယ်လေ၊ အဲတော့ ကျနော်တို့ အခက်အခဲဖြစ်သွားလို့ ကျနော်တို့လက်ရှိ ထည့်ထားတဲ့ဆီ ကုန်သွားပြီ၊ နောက်ထပ်လည်း ထပ်ထည့်လို့ အဆင်မပြေတော့ရင် ခုနလိုပေါ့ ရှိတဲ့အသင်းကို ကျနော်တို့က အကူအညီ လှမ်းတောင်းရမှာပဲလေ၊ အဲလိုသွားရမှာ ပဲ။ ကျနော်တို့မှာ ဆီကျန်သေးတယ် တခြားအသင်းက ဆီမရှိတော့ဘူး၊ လူနာကလည်း ပို့မှဖြစ်မယ်ဆိုရင် အဲဖက် က ကျနော်တို့ကို လှမ်းချိတ်ဆက်တယ်ဆိုရင်တော့ ဒါကျနော်တို့ကတော့ လက်တွဲပြီးသွားရမှာပဲ” ဟု ပြောသည်။

တောင်ငူမြို့တွင် စက်သုံးဆီစျေးနှုန်း အမြင့်ဆုံး အခြေအနေထိ ရောက်ရှိနေကြောင်း ပရဟိတအသင်းအဖွဲ့များက ပြောသည်။

လူမှုကူညီရေးအသင်း အများစုသည် အရေးပေါ်လူနာများကို အခမဲ့ ပို့ဆောင်ပေးနေရခြင်းကြောင့်  လူနာရှင်က စက်သုံးဆီဖိုး ပြန်လည် လှူဒါန်းခြင်း သို့မဟုတ် အလှူရှင်များက လှူဒါန်းမှုများရှိမှသာလျှင် ဆက်လက်ရပ်တည် နိုင်မည်ဟု တောင်ငူမြို့မှ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ပြောသည်။

၎င်းက “ကျနော်တို့ကတော့ တကယ်မရှိတဲ့သူ၊ တကယ်ကို အခက်အခဲ ဖြစ်နေတဲ့သူဆိုရင် ဝိုင်းဝန်းပြီးတော့ ကျနော်တို့ အသင်းမှာရှိတဲ့ လူတွေစုပြီးတော့ လိုက်ပို့ရတာပေါ့၊ ဒါပေမယ့် တချို့ပြေလည်တဲ့သူ၊ အဆင်ပြေတဲ့ သူဆိုရင်တော့ ကုန်ကျတဲ့ ဆီစရိတ်ကို သူတို့တတ်နိုင်ရင် သူတို့ထည့်ပေးတယ်ဆိုရင်တော့ ကျနော်တို့ဘက်က သက်သာတာပေါ့။ တကယ်အဆင်မပြေတဲ့ သူဆိုရင်တော့ ကျနော်တို့ ဝိုင်းဝန်းပြီး လုပ်ဆောင်ကြရတာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်ကို တွေ့ရစဉ်

ထို့အတူ တောင်ငူမြို့နယ်အတွင်း စက်သုံးဆီ ပြတ်လပ်မှုကြောင့် တစ်နိုင်တစ်ပိုင်လုပ်ငန်းများလည်း အခက်တွေ့ နေကြရပြီး ဒေသခံများသည်လည်း အဆင်မပြေဖြစ်နေကြောင်း တောင်ငူမြို့မှ ဘတ်ထရီရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦးက ပြောသည်။

 ၎င်းက “ကျနော်တို့က ဘတ်ထရီ လုပ်ငန်းဆိုတော့ မီးကိုအဓိက အားပြုပြီး လုပ်ကိုင်ရတာပေါ့၊ မီးလာမှ အိုးတွေ အားသွင်းမှ ငှားနိုင်မှာပေါ့လေ၊ မီးပျက်ရင်လည်း မီးစက်နှိုးဖို့ဆီက မရှိဘူးလေ၊ အဲတော့ လုပ်ငန်းက ကြန့်ကြာတာ ပေါ့၊ အိမ်မှာဆိုရင်လည်း ညညကျရင် ရေချိုးဖို့ ဟင်းချတ်ဖို့ကိုတောင် အဆင်မပြေဘူးလေ၊ ဆီဝယ်မရတော့ မီး လာတာကိုပဲ စောင့်ရတာပေါ့၊ မီးစက်လည်း ဖွင့်မရနဲ့ဆိုရင် အဆင်မပြေဘူးပေါ့လေ” ဟု ပြောသည်။

လက်ရှိ တောင်ငူမြို့တွင် 92 တစ်လီတာ ကျပ် ၄၀၀၀ ဝန်းကျင်နှင့် 95 တစ်လီတာ ၄၅၀၀ ကျပ် စျေးပေါက်နေသည်။

သြဂုတ် ၁၅ ရက် နံနက်ပိုင်းထိ တောင်ငူမြို့ပေါ်မှ စက်သုံးဆီ ဆိုင်များတွင် စက်သုံးဆီ ပြတ်လပ်နေသောကြောင့် ဆီဆိုင်အများစု ပိတ်ထားရပြီး လမ်းဘေးဆိုင်များမှာပင် အလွယ်တကူ ဝယ်မရကြောင်း သိရသည်။