CNI International News

ဘန်ကောက်၊ ဩဂုတ် ၁၆

ထိုင်းနိုင်ငံတွင် ဝန်ကြီချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) ရာထူးမှ ဖယ်ရှားခံရမှုကြောင့် ပေါ်ပေါက်လာ သည့် နိုင်ငံရေးအကျပ်အတည်းသည် ယခင်ကတည်းက ရုန်းကန်နေရသည့် စီးပွားရေးအတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

အရှေ့တောင်အာရှ၏ ဒုတိယစီးပွားရေး အင်အားအကြီးဆုံးဖြစ်သည့် ထိုင်းတွင် ယခုနှစ် ပထမသုံးလပတ်ကာလ အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ၁ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့ပြီး ယခင်နှစ် နောက်ဆုံး သုံးလပတ်ကာလ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၁ ဒသမ ၇ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက သိသာစွာ ကျဆင်းသွားခဲ့သည်။

COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် ခရီးသွားကဏ္ဍကို ပြန်လည်နာလန်ထူရန် ရုန်းကန်နေရသည့် လူဦးရေ ၆၆ သန်းနေထိုင်သော ထိုင်းနိုင်ငံသည် မော်တော်ယာဉ်လုပ်ငန်း အပါအဝင် အဓိက ဖွံ့ဖြိုးတိုးတက်ရေး နယ်ပယ်ကဏ္ဍများလည်း အထစ်ထစ် အငေ့ါငေါ့ ဖြစ်နေဆဲဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း သွားလာနေကြသူများကိုတွေ့ရစဉ်

လက်ရှိ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ထိုင်းပြည်သူများအား ဘတ် ၅၀၀ ဘီလျံတန်ကြေးရှိ ဒစ်ဂျစ်တယ်ငွေကြေး ထောက်ပံ့မှု အစီအစဉ် အပါအဝင် ၂၀၂၅ ခုနှစ် ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက် ၃ ဒသမ ၇၅ ထရီလျံ လျာထားသည့် အစီအစဉ်များအပေါ် သံသယများ ရှိလာစေခဲ့သည်ဟု Standard Chartered Bank ၏ ထိပ်သီး စီးပွားရေးပညာ ရှင် တင်မ် လီလာဟာဖန် (Tim Leelahaphan) က ပြောကြားခဲ့သည်။

"နိုင်ငံရေး သေချာရေရာမှုမရှိတဲ့ အခြေအနေနဲ့ မပြတ်သားတဲ့ နိုင်ငံရေး အလားအလာဟာ ဘဏ္ဍာရေးမူဝါဒ အတွက် ကောင်းကျိုးမပြုတဲ့ ဂယက်ရိုက်ခတ်မှုတွေကို ရှိလာစေပါတယ်" ဟု တင်မ်က ပြောကြားခဲ့သည်။

ထိုင်းယာယီ ဘဏ္ဍာရေးဝန်ကြီးကမူ အစိုးရဘတ်ဂျက်သည် နှောင့်နှေးကြန့်ကြာ လိမ့်မည်မဟုတ်ကြောင်း ဩဂုတ် ၁၅ ရက်က ပြောကြားခဲ့သည်။

ဆရီသာ၏ အစိုးရအဖွဲ့သည် ရွေးကောက်ပွဲ မဲဆွယ်ကတိကဝတ်ဖြစ်သည့် ပြည်သူများကို ဘတ် ၅၀၀ ဘီလျံ တန်ကြေးရှိသည့် ဒစ်ဂျစ်တယ် ငွေကြေးထောက်ပံ့မှု အစီအစဉ်အတွက် စာရင်းသွင်းခဲ့ပြီးနောက် တစ်ရက်အကြာ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ဆရီသာကို ရာထူးမှ ဖယ်ရှားခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံရေးသမားများကို တွေ့ရစဉ်

လက်ရှိတွင် ဒစ်ဂျစ်တယ် ငွေကြေးထောက်ပံ့မှု အစီအစဉ်အတွက် မှတ်ပုံတင် စာရင်းပေးသွင်းမှုကို စတင်ဖွင့်လှစ် သည့် နေ့မှာပင် ပါဝင်စာရင်းပေးသွင်းခဲ့သော ထိုင်းပြည်သူပေါင်း ၁၆ သန်းကျော် ရှိနေသည်။

ထိုအခြေအနေက သာမန် ထိုင်းပြည်သူများအကြား ငွေကြေးထောက်ပံ့မှုကို အရေးတကြီး လိုအပ်နေသည့် အခြေအနေကို ပြသရာရောက်ခဲ့သည်။

မတ်လကုန်ပိုင်းအထိ ထိုင်းနိုင်ငံတွင် အိမ်ထောင်စုများ၏ ကြွေးမြီသည် ဘတ် ၁၆ ဒသမ ၄ ထရီလျံ သို့မဟုတ် ဂျီဒီပီ၏ ၉၀ ဒသမ ၈ ရာခိုင်နှုန်းရှိပြီး အာရှတိုက်တွင် အမြင့်ဆုံးနှုန်းထားများထဲတွင် ပါဝင်နေသည်။

"ထိုင်းနိုင်ငံဟာ နက်ရှိုင်းတဲ့ နိုင်ငံရေးသဘောထား ကွဲလွဲမှုကို ပေါင်းကူးတံတားထိုးဖို့ ဖော်မြူလာတစ်ခုကို ရှာမတွေ့သေးပါဘူး" ဟု Capital Economics ကုမ္ပဏီ၏ အာရှရေးရာ ထိပ်သီးစီးပွားရေးပညာရှင် ဂါရတ် လက်သာ (Gareth Leather) က ပြောကြားခဲ့သည်။

Source: ရိုက်တာ