CNI International News

ဘန်ကောက်၊ ဩဂုတ် ၂၀

ထိုင်းနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက သီတင်းတစ်ပတ်အတွင်း အတိုက်အခံ Move Forward Party (MFP) ကို ဖျက်သိမ်းပြီး ဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin)အား ရာထူးမှထုတ်ပယ်သည့် အံ့အားသင့်ဖွယ် စီရင်ချက်နှစ်ခုကို ချမှတ်ခဲ့သည်။

အဆိုပါ အခြေအနေများက ထိုင်း၏ နိုင်ငံရေးအခင်းအကျင်းကို လှုပ်ခတ်သွားစေရုံသာမက တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီစနစ်နှင့် စီးပွားရေးအပေါ် သက်ရောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး အချေအတင် ငြင်းခုံဆွေးနွေးမှုများလည်း ဖြစ်လာစေခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။

ထိုင်း၏ အဓိက ကုန်သွယ်ဖက် နိုင်ငံများဖြစ်သည့် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ကမူ ဩဂုတ် ၇ ရက်က MFP ကို ဖျက်သိမ်းပြီး ဩဂုတ် ၁၄ ရက်တွင် ဆရီသာအား ရာထူးမှဖယ်ရှားခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ စီရင်ချက်များနှင့်ပတ်သက်ပြီး စိုးရိမ်မှုများကို ဖော်ပြခဲ့သည်။

ထိုင်း၀န်ကြီးချုပ်သစ် ပေတုန်တန်ကို တွေ့ရစဉ်

ဒီမိုကရေစီနိုင်ငံများရှိ ပြည်ပမီဒီယာများကလည်း ခုံရုံး၏ စီရင်ချက်များကို သုံးသပ်နေပြီး အထူးသဖြင့် နိုင်ငံရေး ပါတီတစ်ခုအား တားမြစ်ပိတ်ပင်ခြင်းသည် ထိုင်း၏ တိုးတက်ပြောင်းလဲရေး အင်အားစုများကို အရှိန်လျော့ကျ စေရန် လုပ်ဆောင်မှု တစ်ခုဖြစ်သည်ဟု ရှုမြင်ခဲ့ကြသည်။

ထိုင်းစီးပွားရေး ပညာရှင်များနှင့် စီးပွားရေး လုပ်ငန်းရှင်များက ဝန်ကြီးချုပ်ဆရီသာ ဖယ်ရှားခံရပြီးနောက် အစိုးရသစ် ဖွဲ့စည်းနိုင်ခြင်း မရှိသေးသည့်အချိန်တွင် အာဏာလေဟာနယ် (power vacuum) ဖြစ်နေသဖြင့် ထိုအခြေအနေသည် စီးပွားရေးကဏ္ဍနှင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုများအပေါ် သက်ရောက်စေမည်ကို စိုးရိမ်နေကြသည်။

အထူးသဖြင့် ထိုင်း၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေခြင်း၊ သက်ကြီးပိုင်း လူဦးရေ များပြားလာခြင်းနှင့် ပထဝီနိုင်ငံရေး တင်းမာမှုများ မြင့်တက်နေချိန်တွင် စီးပွားရေးအပေါ် သက်ရောက်မည့် အလားအလာကို စိုးရိမ် နေကြခြင်း ဖြစ်သည်။

ထို့ကြောင့် စီးပွားရေးပညာရှင်များနှင့် လုပ်ငန်းရှင်များက အစိုးရအဖွဲ့သစ် အမြန်ဆုံးဖွံ့စည်းရန် တိုက်တွန်း ခဲ့ကြသည်။

ထိုင်းဈေးသယ်တစ်ဦးကိုတွေ့ရစဉ်

ထိုစိုးရိမ်မှုများကို လျှင်မြန်စွာ တုန့်ပြန်ဖြေရှင်းသည့် အနေဖြင့် အာဏာရညွန့်ပေါင်းအဖွဲ့မှ လွှတ်တော်အမတ် အများစု အပါအဝင် အောက်လွှတ်တော် အမတ်များသည် ဩဂုတ် ၁၆ ရက်တွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ၏ သမီးဖြစ်သည့် ဖြူးထိုင်းပါတီခေါင်းဆောင် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) ကို ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့သည်။

ထိုင်းနိုင်ငံ၏ အစုရှယ်ယာကုမ္ပဏီဖြစ်သည့် InnovestX Securities ကုမ္ပဏီကမူ ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ခန့်မှန်းချက်ကို ၂ ဒသမ ၅ ရာခိုင်နှုန်းမှ ၂ ဒသမ ၃ ရာခိုင်နှုန်းအထိ လျှော့ချခဲ့သလို လာမည့်နှစ်အတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ခန့်မှန်းချက်အား ၃ ရာခိုင်နှုန်းမှ ၂ ဒသမ ၇ ရာခိုင်နှုန်းအထိ လျှော့ချခဲ့သည်ဟု ကုမ္ပဏီ၏ စီးပွားရေးသုတေသနအကြီးအကဲ ပီယဆက် မာနာဆန် (Piyasak Manason) က ပြောကြားခဲ့သည်။

နိုင်ငံရေး အခြေအနေ အပြောင်းအလဲများကြောင်း ၂၀၂၅ ခုနှစ် ဘဏ္ဍာနှစ်အတွက် အစိုးရအသုံးစရိတ်သည် သီတင်းနှစ်ပတ်ကြာ နှောင့်နှေးကြန့်ကြာ သွားနိုင်သည့်အတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ခန့်မှန်းချက်ကို လျှော့ချခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောဆိုခဲ့သည်။

Source: Thai PBS World