CNI News

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၀

စက်သုံးဆီပြတ်လပ်မှု ဖြစ်ပေါ်သည့်အခါမျိုးတွင် မြန်မာနိုင်ငံဗဟိုဘဏ်မှ ဒေါ်လာများ ထုတ်ရောင်းပေးခြင်းသည် ကာလတိုအတွက်သာ ပြဿနာကိုဖြေရှင်းရန် အဆင်ပြေကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ ဖြစ်ပေါ်နေသည့် စက်သုံးဆီပြဿနာကြောင့် ဗဟိုဘဏ်မှ ဒေါ်လာ သန်း ၁၀၀ ထုတ်ရောင်းပေးမည်ဟု ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၌ တစ်ရက်လျှင် စက်သုံးဆီး အသုံးပြုမှုသည် ဒေါ်လာ ၁၀ သန်းနှင့်အထက်မှာရှိသဖြင့် ဗဟိုဘဏ်ထုတ် ရောင်းပေးမည့် ပမာဏသည် ကာလတိုအတွက်သာ အဆင်ပြေမည်ဖြစ်ကြောင်း၊ ကာလရှည်အတွက် အဆင်ပြေ စေရန် အစိုးရမှ စက်သုံးဆီနှင့် ဒေါ်လာကို ချုပ်ကိုင်မထားရန်လိုကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကာလရှည် အဆင်ပြေဖို့ဆိုရင် ဒီစက်သုံးဆီကို အစိုးရကသွားပြီး ချုပ်ကိုင်လို့မရဘူး။ ဒေါ်လာကိုလည်း အစိုးရက ချုပ်ကိုင်မထားနဲ့။ အစိုးရက ဒါကိုချုပ်ကိုင်တဲ့ ရည်ရွယ်ချက်ကတော့ ကောင်းပါတယ် ဒါတွေဈေးမတက် အောင်နဲ့ ဈေးမကစားနိုင်အောင် လုပ်ပေးတာ။ ဒါပေမယ့် သူ့မှာ အဲဒီလို ဒေါ်လာ လုံလုံလောက်လောက် ထုတ် ပေးနိုင်တဲ့ အင်အားမရှိဘူး။ အဲဒီအခြေအနေမှာ လွှတ်ပေးလိုက်တာ အကောင်းဆုံးပဲ။ လွှတ်ပေးလိုက်ရင် သူ့ ဘာသာသူ ဈေးကွက်က ထိန်းပြီးတော့ လုပ်သွားလိမ့်မယ်။ ဒါ‌ပေမယ့် အဲဒီရဲ့ effect ကတော့ exchange rate တွေ ထပ်တက်ကောင်း တက်မယ်၊ ဒီဇယ် ဓာတ်ဆီဈေးတွေ ထပ်တက်ကောင်းတက်မယ်။ အခုဟာက ချုပ်ထားရင် လည်း တက်မယ်၊ ချုပ်ထားရင် မှောင်ခိုဈေးကွက်ဖြစ်ပြီးတက်မယ်။ လွှတ်ပေးလိုက်ရင် ဈေးကွက်က ကစားပြီး တော့ တက်မယ်၊ ၂ ခုလုံးက အတက်ကြီးပဲ။ ဘာလို့ဆို လက်ရှိစီးပွားရေး အခြေအနေအရ။ အဲဒီမှာ ကုန်ပစ္စည်း ရှားပါးတဲ့ အခြေအနေနဲ့ အတက်ခံမလား၊ ကုန်ပစ္စည်းပေါတယ် ဈေးပဲတက်တာဆိုတဲ့ အခြေအနေနဲ့ အတက်ခံ မလား အဲဒီ ၂ ခုကိုတော့ အစိုးရရွေးရမှာပေါ့” ဟု ပြောသည်။

စက်သုံးဆီထည့်ရန် စောင့်နေကြစဉ်

စက်သုံးဆီ လုပ်ငန်းရှင်များအနေဖြင့် တစ်နေ့နှင့်တစ်နေ့ နိုင်ငံခြားငွေဈေး ပြောင်းလဲမတည်ငြိမ်မှုများကြောင့် ကွာခြားချက် နည်းပါက ခုသာခံသာ အနေအထားရှိသော်လည်း လက်ရှိအနေအထားအရ ကွာခြားချက်များလွန်း သဖြင့် အခက်အခဲရှိကြောင်း၊ ဗဟိုဘဏ်ဘက်မှလည်း လုံလောက်စွာ မရောင်းချပေးနိုင်ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

ထို့အပြင် မြန်မာနိုင်ငံရှိ ဆီသိုလှောင်ကန်များ၏ ဝင်ဆံ့နိုင်မှု ပမာဏအား တိုးချဲ့သင့်ကြောင်းလည်း ထောက်ပြ ကြသည်။

စက်သုံးဆီရောင်းချသည့် လုပ်ငန်းရှင်များအား အစိုးရသတ်မှတ်ဈေးဖြင့် စက်သုံးဆီများကို ရောင်းချခိုင်းမည် ဆိုပါက တစ်ဖက်တွင် ထိုလုပ်ငန်းရှင်များအတွက် အကျိုးခံစားခွင့်အနေဖြင့် ပါမစ်များ ချပေးခြင်းတို့ ပြုလုပ်ပေး သင့်ကြောင်းလည်း အချို့စီးပွားရေးလုပ်ငန်းရှင်များက အကြံပြုမှုများရှိသည်။

ထိုကဲ့သို့ အစိုးရမှ ချပေးမည်ဆိုပါက လုပ်ငန်းရှင်တွင် အကျိုးခံစားခွင့်ရှိသကဲ့သို့ အစိုးရ၌လည်း တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည်ဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်ခြင်းသည် စီးပွားရေးမူဘောင် ပေါက်ကွဲနိုင်ပြီး လက်ဝါးကြီး အုပ်မှုများ ဖြစ်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။

စက်သုံးဆီထည့်ရန် စောင့်နေကြစဉ်

၎င်းက “ကျနော့်အမြင်ကတော့ အဲဒါက စီးပွားရေးမူဘောင် ပေါက်ကွဲနိုင်တဲ့ အခြေအနေမျိုးပေါ့။ အဲဒါကိုတော့ ကျနော် အားမပေးချင်ဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီလိုကျင့်သုံးတာမျိုး ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာမှာလည်း ကျင့်သုံးဖူးတယ်။ ဘာလဲဆိုတော့ အစိုးရရဲ့ သတ်မှတ်ထားတဲ့ ဈေးအတိုင်း ရောင်းတဲ့စက်သုံးဆီဆိုင်သည် အစိုးရ က ချပေးတဲ့ပါမစ် သို့မဟုတ် အကျိုးခံစားခွင့် တစ်စုံတစ်ရာကို ရမယ်ဆိုတာမျိုး လုပ်တယ်။ ပြဿနာက ဘာသွား ဖြစ်လဲဆိုတော့ အစိုးရဈေးနှုန်းအတိုင်း ရောင်းပေးမယ်ဆိုတဲ့ဆိုင်တွေက ဘယ်လိုဆိုင်တွေဖြစ်လာမလဲ၊ ဘယ်လို ကုမ္ပဏီတွေက လက်ဝါးကြီးအုပ်သွားမလဲ။ ဒီပါမစ်တွေကို သူတို့က ဘယ်လိုအသုံးချမလဲဆိုတဲ့ ပြဿနာပါ စဉ်းစား စရာရှိတယ်။ နောက်တစ်ခုက အချိန်ကာလ စက်သုံးဆီကို အစိုးရက ချပေးတဲ့ဈေးအတိုင်း အဲဒီဆိုင်က ရောင်းနေ မယ် ၅ နှစ်ရောင်းမှာလား၊ ၁၀ နှစ်ရောင်းမှာလား။ သူ့ကိုပေးမယ့် ပါမစ်ကတော့ အဲဒီနှစ်တွေမှာ ဘယ်နှခုအထိ ပေး နေမှာလဲ။ နိုင်ငံစီးပွားရေး ပြိုလဲဖို့အတွက်ကို ဒါက တစ်ဖက်တစ်လမ်းကနေ အားပေးနိုင်တယ်လို့ မြင်တယ်။ လုပ်ငန်းရှင်တွေဘက်မှာ အဂတိတွေ ဖြစ်လာနိုင်တယ်” ဟု ပြောသည်။

နစက လက်ထက်တွင် စက်သုံးဆီ ပြတ်လပ်မှုပြဿနာကို စတင်ကြုံတွေ့ရချိန်၌ လူထုနှင့် ရောင်းဝယ်သူများ အကြား စိုးရိမ်ထိတ်လန့်မှုများကြောင့် တည်ငြိမ်မှုမရှိခဲ့သော်လည်း ယခုနောက်ပိုင်းမှာတော့ မော်တော်ယာဉ် တစ်စီးလျှင် နှုန်းထားတစ်ခုဖြင့် ရောင်းချပေးခြင်းကို လုပ်ဆောင်လာနေကြသည်။

လက်ရှိ စက်သုံးဆီ ပြတ်လပ်မှုသည် ရန်ကုန်မြို့တစ်ခုတည်းတွင် ဖြစ်ပေါ်နေခြင်းမဟုတ်ဘဲ မန္တလေး၊ နေပြည်တော် အပါအဝင် မြို့ကြီးများတွင်ပါ တွေ့ကြုံနေရခြင်းဖြစ်ပြီး စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ စိစစ်ဆောင်ရွက်ရန် နစကမှ ထုတ်ပြန်ထားသည်။

ထို့အပြင် စက်သုံးဆီဝယ်ယူခွင့်ပြုထားသည့် Importer ကုမ္ပဏီများအနေဖြင့် Terminal များတွင် Demand တင်ပြီး စက်သုံးဆီ အရောင်းဆိုင်များသို့ အမြန်ဆုံးပို့ဆောင်ရေး စီမံဆောင်ရွက်ပေးသွားရန် နစက မှ ထုတ်ပြန်ထားသည်။