CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၃

မြန်မာနိုင်ငံတွင် ကျပ်ငွေတန်ဖိုး ကျဆင်းပြီး အမေရိကန် ဒေါ်လာဈေး မြင့်တက်နေခြင်းကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ရန်အတွက် ကန်ဒေါ်လာ သန်း ၂၀၀ ကို နောက်ထပ်လည်း ဆက်လက် ထောက်ပံ့ပေးရန် လိုအပ် ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် စီးပွားရေးပညာရှင်များက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီဈေးနှုန်း မြင့်တက်နေမှုကြောင့် အခြေခံစားသောက်ကုန်ဈေးနှုန်း မြင့်တက်နေမှုကို ကုစားနိုင်ရန် ရည်ရွယ်၍ အမေရိကန် ဒေါ်လာ သန်း ၂၀၀ ကို ထောက်ပံ့ပေးမည်ဟု ထုတ်ပြန်ခဲ့ ပြီးနောက် ဒေါ်လာဈေးနှုန်းနှင့် စက်သုံးဆီ ဈေးနှုန်းများ ကျဆင်းလာခဲ့သည်။

ထို့ကြောင့် ဒေါ်လာဈေး ကျဆင်းသည်အထိ လတိုင်း ထောက်ပံ့ပေးရန် လိုအပ်ကြောင်း၊ ဒေါ်လာများကို ရောင်းချ ပေးရာမှာလည်း အမှန်တကယ် စက်သုံးဆီ တင်သွင်းနေသော လုပ်ငန်းရှင်များထံ ရောင်းချပေးရန်လိုကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် (မြန်မာတိုင်းမ်)

၎င်းက “ကျနော် သတင်းတစ်ခု တွေ့လိုက်တာတော့ နောက်လလည်း အဲလိုပဲ သန်း ၂၀၀ ထပ်ပြီးတော့ ထောက်ပံ့ မယ်ဆိုတာမျိုး တွေ့လိုက်တယ်။ တကယ်လို့ အဲဒီအတိုင်း ဟုတ်တယ်ဆိုရင်တော့ မဆိုးဘူးပေါ့နော်၊ ပုံမှန် ဖြစ်သွား နိုင်တာပေါ့။ ဒေါ်လာဈေးလည်း သူတို့သတ်မှတ်ထားတဲ့ ဈေးနဲ့ သိပ်မကွာဘဲ ကျသွားမယ်ဆိုရင်တော့ ထောက်ပံ့ဖို့ မလိုတော့ဘူးပေါ့နော်။ စက်သုံးဆီဈေး ကျသွားဖို့အတွက် ကြိုးစားနေတာပဲလေ။ တစ်ခုက ဒေါ်လာကို ဗဟိုဘဏ် က သတ်မှတ်ထားတဲ့ ဈေးပေါ့၊ ဘဏ်က သတ်မှတ်ထားတဲ့ ဈေးဆိုတာကတော့ အပြင်ပေါက်ဈေးထက် တော် တော်လေး နည်းတာပေါ့လေ။ ၂၁၀၀ လာမသိဘူး အဲလိုဈေးနဲ့လည်း ရောင်းပေးနေတယ်။ ရောင်းပေးတဲ့အခါမှာ စက်သုံးဆီ တကယ်သွင်းတဲ့ ကုမ္ပဏီတွေကို တကယ်ရောင်းပေးတာမျိုး ဖြစ်ဖို့ လိုတာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံအတွက် ပြည်ပမှ စက်သုံးဆီကို တစ်လလျှင် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ခန့် တင်သွင်းနေရခြင်း ကြောင့် ယခု ဗဟိုဘဏ်က ထောက်ပံ့သည့် သန်း ၂၀၀ သည် ရေတိုအတွက်သာ သက်ရောက်မှုရှိသည်ဟု စီးပွား ရေး လေ့လာသုံးသပ်သူများက ပြောသည်။
ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများ ကျဆင်းနိုင်ရေးသည် ရုရှားနိုင်ငံမှ စက်သုံးဆီတွင်သာ မျှော်လင့်ချက် ရှိသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ စီးပွားရေးပညာရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်း“အမှန်ကတော့ ဒေါ်လာ သန်း ၂၀၀ ဆိုတာက ပုံမှန်က ကိုယ့်နိုင်ငံက တစ်လကို ဒေါ်လာသန်း ၄၀၀ လောက် တင်သွင်းနေရတယ် အဲဒီစက်သုံးဆီပေါ့လေ။ သန်း ၂၀၀ ဆိုတော့ လဝက်စာပါပဲ။ လဝက်စာပဲဆိုတော့ ဒါက ရေတို လောက်ပဲ effect ရှိမှာ။ နောက် ဒီဟာကို အဲလို ဆက်တိုက် ထောက်ပံ့နေရင်လည်း အဆင်မပြေဘူး ဗဟိုဘဏ်မှာ ရှိတဲ့ အရံငွေနဲ့ဆိုရင်လည်း။ ဆိုတော့ ဆွဲချနိုင်ဖို့က သူတို့ပြောတဲ့ ရုရှားဆီတစ်ခုပဲ မျှော်လင့်ချက်ရှိတယ်။ ဒီ သန်း ၂၀၀ က လဝက်စာလောက်ဆို ဘယ်လောက်မှ အဆင်မပြေဘူးလေ။ ၂ ပတ်လောက်ပဲ တစ်နိုင်ငံလုံး ဝိုင်းသုံးရင် ၂ ပတ်လောက်နဲ့က ကုန်သွားမှာ။ နောက် အဲဒီလို ဆက်တိုက်လည်း ထောက်ပံ့နိုင်မှာ မဟုတ်ဘူး။ ဒါကတော့ ဒီလို ဒေါ်လာဈေးတွေ တအားတက်နေလို့ ဒေါ်လာဈေးကို ပြန်ဆွဲချချင်တဲ့ သဘောလည်း ရှိပါတယ်။ ဘာလို့လဲဆိုတော့ အခု ထောက်ပံ့တယ်တာ ပြောတာလေ မနေ့က ဆီဈေးနဲ့ ဒီနေ့ဆီဈေးက ဒီနေ့ ပြန်ပြီးတော့ ခုန်တက်သွားပြန်ပြီ။ မနေ့က ၂၃၀၀ ကျော်၊ ဒီနေ့က ၂၅၀၀ တောင် ရောက်သွားပြီ” ဟု ပြောသည်။

စက်သုံးဆီဆိုင် တစ်ဆိုင်ကိုတွေ့ရစဉ်

လက်ရှိ ပြည်တွင်း၌ အမေရိကန်ဒေါ်လာ ဈေးနှုန်းသည် ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် ဈေးနှုန်းနှင့် များစွာ ကွာခြားချက်ရှိနေပြီး နိုင်ငံခြားငွေကြေးဖြင့် တင်သွင်းနေရသည့် သွင်းကုန် ဈေးနှုန်းများသည် အဆမတန် ကြီးမြင့် လာပြီး အခြေခံ ကုန်ဈေးနှုန်းများလည်း လိုက်ပါမြင့်တက်လျက်ရှိသည်။

ထို့ကြောင့် ဗဟိုဘဏ်က ပြည်ပကနေ တင်သွင်းရသည့် စက်သုံးဆီ ဈေးကြီးမြင့်မှုကြောင့် အခြေခံကုန်ဈေးနှုန်း ကြီးမြှင့်လာမှုကို သက်သာစေရန် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် နိုင်ငံခြားငွေကြေး ဈေးကွက်မှတဆင့် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် ထောက်ပံ့ပေးမည်ဟု သြဂုတ် ၃၁ ရက်တွင် ထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။