CNI News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၃

ဒေါ်လာအပါဝင် နိုင်ငံခြားငွေဈေးများသည် ယခုရက်သတ္တပတ်အတွင်း ပြန်လည်ကျဆင်းနေသော်လည်း စက်သုံးဆီဈေးနှုန်းများမှာမူ ပြန်မကျသေးသဖြင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ဘဏ်ရေးရာကျွမ်းကျင်သူများ အကြား သုံးသပ်ဆွေးနွေးမှုများရှိနေသည်။

စက်သုံးဆီဈေးနှုန်းများ ပြန်မကျခြင်းသည် လက်ရှိတွင် ကမ္ဘာ့ရေနံပေါက်ဈေးမှာ အတက်ဘက်တွင်ရှိနေသည့် အတွက်ကြောင့်လည်း ဖြစ်နိုင်ကြောင်း၊ စက်သုံးဆီကို စာချုပ်ဖြင့်ဝယ်ယူသည့်အခါတွင် ဆီသင်္ဘောများအား လနှင့်ချီ၍ စောင့်ဆိုင်းရခြင်းဖြစ်သဖြင့် ယခုရောင်းချပေးသည့်ဆီများသည် ဒေါ်လာတက်ဈေးဖြင့် ဝယ်ထား သည်များ ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။

သို့သော် ယခုတွင် ဒေါ်လာဈေးနှုန်းမှာ ယခင်ထက် အတိုင်းအတာတစ်ခုအထိသို့ ကျဆင်းနေပြီဖြစ်သောကြောင့် စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးကော်မတီ အသင်းအဖွဲ့များအနေဖြင့် လုပ်ငန်းရှင်များအား ကြပ်မတ်ရန် လိုကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။

“ဒီနေ့တော့ ဒေါ်လာဈေးကျသွားပြီဟေ့ ၅၂၀၀ နဲ့။ ငါ့ကို ၅၂၀၀ နဲ့ ရောင်းပေးပါလို့ပြောလို့၊ ဒီနေ့ ရောင်းပေးမယ့် ၅၂၀၀ နဲ့ရောင်းပေးတဲ့စက်သုံးဆီသင်္ဘောက ချက်ချင်းကြီး ဝုန်းဒိုင်းနဲ့ သီလဝါကို ရောက်မလာဘူးပေါ့။ ဆိုတော့ လနဲ့ချီပြီးစောင့်ရတာဖြစ်ပါတယ်။ ဒါအရင်တုန်းက ဝယ်ထားတဲ့ဈေးတွေနဲ့ ရောက်နေတဲ့ သင်္ဘောတွေ ဖြစ်ပါတယ်။ ဆိုတော့ ဒီဈေးနှုန်းတွေနဲ့ သူတို့က ရောင်းချနေရတဲ့အပိုင်းတွေ ရှိပါတယ်။ စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချရေးအသင်းက တာဝန်ရှိသူတွေအနေနဲ့လည်း ဒီအပိုင်းကို သိပြီးသားဖြစ်မှာဖြစ်တဲ့အတွက် ကိုယ့်မှာရှိတဲ့လုပ်ငန်းရှင်တွေကို ဒီကိစ္စကို ကြပ်မတ်ဖို့လိုပါတယ်။ ဈေးတက်ရင် တက်သလို ယူထားပြီးပြီ ဖြစ်တဲ့ အတွက် ဈေးကျတဲ့အခါမှာလည်း ရိုးရှင်းစွာနဲ့ဈေးပြန်ချပြီး ပြည်သူတွေမျက်နှာကို ပြန်ကြည့်ကြဖို့ ဒီနေရာကနေ တောင်းဆိုချင်ပါတယ်” ဟု ၎င်းက ပြောသည်။

ဆီတင်သင်္ဘောတစ်စင်းကို တွေ့ရစဉ်

လက်ရှိတွင် ကုန်သွယ်မှုများသည် မည်သည့်ပုံစံဖြင့်သွားနေသည်ကို ခန့်မှန်းရခက်သဖြင့် ဒေါ်လာဈေး ကျသော်လည်း အခြားဆက်စပ်ကုန်ပစ္စည်းများမှာ ဈေးမကျကြောင်း၊ ထိုသို့ ဈေးမကျခြင်းသည် တက်ဈေးဖြင့် ဝယ်ယူထားခြင်းကြောင့် ဖြစ်နိုင်ကြောင်း ပြန်မကျသေးသဖြင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ဘဏ်ရေးရာ ကျွမ်းကျင်သူများက ထောက်ပြကြသည်။

သို့သော် ဈေးမကျသည့် အကြောင်းအရင်းအမှန်မှာ တက်ဈေးဖြင့်ဝယ်ယူထားခြင်းကြောင့် မဟုတ်ဘဲ အခြား အကြောင်းတရားများလည်း ရှိနိုင်ကြောင်း ဘဏ်ရေးရာကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

“ဆီဆိုရင် Just in time ဆိုတာ အခု ဒေါ်လာဈေးကျပြီတဲ့ ဆီဈေးမကျသေးဘူး။ ၃၂၀၀ လောက်နဲ့ ဝယ်နေရတာ။ supply များရင် ဈေးကျတာပေါ့။ supply ကို အများကြီးဆောင်ထားလို့ရှိရင် ဈေးကလျော့သွားမှာဆိုတော့ ယေဘုယျအားဖြင့်တွေးကြတာ၊ အခုက ဒေါ်လာဈေးကျပြီး ဆီဈေးက မကျဘူး။ ပြောချင်တဲ့အဓိပ္ပါယ်က ဘာလဲဆိုတော့ ဈေးမြင့်နဲ့ဝယ်ထားရတာတွေကို သူတို့ဈေးအနိမ့်နဲ့ ထုတ်မရောင်းနိုင်တဲ့  သဘောများလား။ ပြောချင်တာက အကြောင်းအရာတွေက တစ်ခုနဲ့တစ်ခု အနုစိပ်ဆက်နွယ် ပတ်သက်နေတယ်။ အဲဒီ သဘော တရားကိုမြင်မှပဲ ကိုင်တွယ်ရအဆင်ပြေလိမ့်မှာပေါ့။ JIT မဖြစ်ဘူးပေါ့ သဘောက ရှိတဲ့ stock က။ အမြင့်ဈေးနဲ့ ဝယ်ထားမိတာရှိမယ် အခု ဒေါ်လာဈေးကျလာပြီ ဆီဈေးကမကျသေးဘူး။ တခြားပစ္စည်းလည်း ထိုနည်း လည်းကောင်း ဖြစ်မှာပေါ့” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဒေါ်လာဈေးအပါအဝင် နိုင်ငံခြားငွေဈေးများသည် အနေအထားတစ်ခုတွင် တည်ငြိမ်နေခြင်းက မြန်မာကျပ်ငွေပြန်မာလာခြင်းကြောင့်မဟုတ်ဘဲ ဗဟိုဘဏ်မှ ဒေါ်လာများအား အလုံးအရင်းဖြင့် ထုတ်ရောင်းပေး နေခြင်းကြောင့် ဖြစ်ကြောင်း သုံးသပ်မှုများရှိသည်။