CNI International News

ပေကျင်း၊ စက်တင်ဘာ ၁၄

တရုတ်နိုင်ငံတွင် လုပ်သားအင်အား လျော့နည်းလာမှုကို ဖြေရှင်းရန် ကြိုးပမ်းနေချိန်၌ အလုပ်မှ အငြိမ်းစားယူရ မည့် ဥပဒေပြဋ္ဌာန်းချက်ကို ပြင်ဆင်ပြီး အငြိမ်းစားယူရမည့် အသက်အရွယ်အား တိုးမြှင့်ရန် အမျိုးသား ပြည်သူ့လွှတ်တော်က စက်တင်ဘာ ၁၃ ရက်တွင် ဆုံးဖြတ်ခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

အငြိမ်းစားယူသည့် အသက်အရွယ်ကို လာမည့် ၁၅ နှစ်အတွင်း တဖြည်းဖြည်းချင်း တိုးမြှင့်သွားမည်ဖြစ်သည်။

ထို့နောက် white-collar job ဖြစ်သည့် ရုံးခန်းထဲတွင် လုပ်ရသော အလုပ်အကိုင်များကို လုပ်ကိုင်သည့် အမျိုးသား များအတွက် အငြိမ်းစားယူသော အသက်အရွယ်အား ၆၀ မှ ၆၃ နှစ်အထိ တိုးမြှင့်မည်ဖြစ်ကာ အမျိုးသမီးများ အငြိမ်းစားယူသည့် အသက်အရွယ်ကို ၅၅ နှစ်မှ ၅၈ နှစ်အထိ တိုးမြှင့်သွားမည်ဖြစ်သည်။

 blue-collar job ခေါ် အခြေခံ အလုပ်အကိုင် အမျိုးအစားများကို လုပ်ကိုင်သည့် အမျိုးသမီးများအတွက် အငြိမ်းစားယူရမည့် အသက်အရွယ်ကို ၅၀ နှစ်မှ ၅၅ နှစ်အထိ တိုးမြှင့်သွားမည်ဖြစ်သည်။

လက်ရှိ တရုတ်၏ အငြိမ်းစားယူသည့် အသက်အရွယ် သတ်မှတ်ချက်သည် ကမ္ဘာပေါ်တွင် အနိမ့်ဆုံးနိုင်ငံများထဲ တွင် ပါဝင်နေပြီး ယခုအပြောင်းအလဲသည် ၁၉၅၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပြောင်းလဲမှုဖြစ်သည်။

တရုတ်အမျိုးသားများကို တွေ့ရစဉ်

စက်တင်ဘာ ၁၃ ရက်က ထုတ်ပြန်သည့် အစီအစဉ်အရ အငြိမ်းစားယူသည့် အသက်အရွယ် အပြောင်းအလဲကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ စတင် အကျုံးဝင် သက်ရောက်မည်ဖြစ်သည်။

လာမည့် ၁၅ နှစ်အတွင်း လအနည်းငယ် ကြာမြင့်ချိန်တိုင်းတွင် အငြိမ်းစားယူသည့် အသက်အရွယ်များကို တဖြည်းဖြည်းစီ တိုးမြှင့်သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

ပြဋ္ဌာန်းထားသည့် ဥပဒေအရ သတ်မှတ်ထားသော အသက်အရွယ်မတိုင်မီ အလုပ်မှ အငြိမ်းစားယူခွင့်ကို ခွင့်ပြု မည်မဟုတ်ဘဲ သတ်မှတ်ထားသည့် အသက်မပြည့်မီ အလုပ်မှ ယာယီအငြိမ်းစားယူသော ကာလကို ၃ နှစ်ကြာ သတ်မှတ်ပေးထားသည်ဟု ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

၂၀၃၀ ပြည့်နှစ်မှစပြီး ဝန်ထမ်းများသည် ပင်စင်စုငွေများကို ရယူနိုင်ရန်အတွက် လူမှုလုံခြုံရေးစနစ်တွင် စုငွေများ ပိုမို အပ်နှံရလိမ့်မည်ဖြစ်ကာ ၂၀၃၉ ခုနှစ်တွင်မူ ဝန်ထမ်းများသည် ပင်စင်စုငွေ အနှစ် ၂၀ စာ ရှိရမည်ဖြစ်သည်။

တရုတ်အမျိုးသမီးများကို တွေ့ရစဉ်

တရုတ်၏ နိုင်ငံတော် ပင်စင်စုငွေ ရန်ပုံငွေသည် ၂၀၃၅ ခုနှစ်တွင် ကုန်ခန်းသွားလိမ့်မည်ဖြစ်ကြောင်း တရုတ်လူမှု  သိပ္ပံအကယ်ဒမီက ၂၀၁၉ ခုနှစ်တွင် ပြောကြားခဲ့သည်။

ထိုခန့်မှန်းချက်သည် တရုတ်၏ စီးပွားရေးကို ပြင်းထန်စွာ ထိခိုက်စေခဲ့သည့် COVID-19 ကပ်ရောဂါ မတိုင်မီ  အချိန်က ခန့်မှန်းချက်ဖြစ်သည်။

ယခု ကြေညာချက် ထွက်ပေါ်လာပြီးနောက် တရုတ်၏ လူမှုမီဒီယာများတွင် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ပြီး လာမည့် ၁၀ နှစ်တွင်လည်း ပြည်သူများကို အသက် ၈၀ အရွယ်အထိ အလုပ်လုပ်ခိုင်းမည့် အပြောင်းအလဲမျိုး ရှိလာနိုင်ကြောင်း Weibo လူမှုမီဒီယာ အသုံးပြုသူတစ်ဦးက ရေးသားခဲ့သည်။

Source: Nikkei Asia