CNI News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၆
မြန်မာနိုင်ငံတစ်ဝှမ်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် ယခုနှစ် မိုးစပါးအထွက်နှုန်းမှာ သန်းနှင့်ချီ လျော့ကျသွားနိုင်ကြောင်း တောင်သူများက CNI သတင်းဌာနသို့ ပြောသည်။
ပြီးခဲ့သည့်လပိုင်းက ယခုနှစ်အတွက် မိုးစပါး စတင်စိုက်ပျိုးချိန်တွင်လည်း နေရာအနှံ့ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး စပါးစိုက်ခင်း ပျက်စီးမှုများကြောင့် ဆုံးရှုံးမှုများဖြစ်ခဲ့သည်။
ထို့အပြင် ယခုလက်ရှိတွင် စပါးရိတ်သိမ်းချိန်ကာလသို့ ရောက်ရှိချိန်နီးကပ်မှ အကြီးအကျယ် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ဆန်ဈေးကွက်သို့ ထိုက်သင့်သည့် ရိုက်ခတ်မှု ဖြစ်လာနိုင်ကြောင်း လယ်သမားဘဝ ဖွံ့ဖြိုးရေး အသင်းဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဆန်ဈေးတော့ ထိုက်သင့်တဲ့ အတိုင်းအတာ ရိုက်ခတ်မှုတစ်ခုတော့ ဖြစ်နိုင်တာပေါ့လေ။ ဒါပေမယ့် တိုင်းပြည်အတွက် စားနပ်ရိက္ခာကတော့ ပူပန်စရာ သိပ်မရှိပါဘူး။ နွေစပါးပြန်စိုက်ကြမယ်။ နွေစပါးမှာက ပိုးမွှားအန္တရာယ် အပျက်အစီး မရှိဘူးဆိုရင် နှစ်တိုင်းလည်း နွေစပါးရာသီမှာ အင်နဲ့အားနဲ့ ပြန်စိုက်နေတာဖြစ်တဲ့ အတွက် တိုင်းပြည်အတွက် စားနပ်ရိက္ခာတော့ ပူစရာမရှိဘူး။ ခါတိုင်းထက် အခုနှစ်က စပါးအထွက်နှုန်းက တန်ချိန် သန်းနဲ့ချီပြီးတော့ လျော့သွားတာဖြစ်တဲ့အတွက် အတိုင်းအတာတစ်ခုတော့ ဆန်ဈေးရိုက်ခတ်မှုတော့ ရှိလာနိုင်တယ်ပေါ့။ အလွန်ကြီးတော့လည်း မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်လည်း နှစ်တိုင်း ဆန်ဈေး စပါးဈေးထက် တော့ ဥပမာ မိုးစပါးပေါ်တဲ့ ရာသီမှာပေါ့လေ အဲဒီရာသီနဲ့စာရင်တော့ ဒီနှစ်က ငွေကြေးဖောင်းပွမှု အနေအထား ရယ်၊ စပါးအထွက် လျော့သွားတာရယ်ဆိုတော့ အတိုင်းအတာ တစ်ခုတော့ နှစ်တိုင်းထက်တော့ သာနေမှာပဲလေ” ဟု ပြောသည်။
ရေကြီးရေလျှံနေကြစဉ်
လက်ရှိတွင် ရေလွှမ်းမိုးခြင်းခံလိုက်ရသည့် စိုက်ခင်းပိုင်ရှင် တောင်သူများအနေဖြင့် ဆုံးရှုံးမှုကြီးနိုင်ပြီး ရေလွှမ်းမိုး မခံလိုက်ရသောဒေသများမှ တောင်သူများမှာမူ အဆင်ပြေကြကြောင်း၊ ထို့အပြင် ယခုလက်ရှိတွင် ပဲခူးနှင့် ဧရာဝတီဘက်များသို့လည်း ရေဝင်ရောက်နိုင်ဖွယ်ရှိကြောင်းလည်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် စပါးစိုက်ပျိုးမှုများရှိသော်လည်း ယခုလက်ရှိ ရေကြီးသည့်အထဲ၌ ရှမ်းပြည်နယ် တောင်ပိုင်းလည်း ပါဝင်လာသဖြင့် ဆန်စပါးစားနပ်ရိက္ခာ လိုအပ်ချက်မှာ ပိုမိုများပြား လာနိုင်ကြောင်းလည်း စိုက်ပျိုးရေးနှင့် စီးပွားရေးအကြံပေးများက သုံးသပ်ကြသည်။
ထို့အပြင် ပြည်တွင်း အရန်ဆန်မှာလည်း နယ်မြေ မတည်ငြိမ်မှုများနှင့် သဘာဝဘေးများကြောင့် လုံလောက်စွာ ရှိ/ မရှိကို မသိနိုင်ကြောင်းလည်း ထောက်ပြကြသည်။
ရေလွှမ်းမိုးခြင်းခံရသည့် စိုက်ခင်းများအား အချိန်မီ ပြန်လည်ပြင်ဆင်ပြီး မိုးစပါးအသစ် ပြန်စိုက်ပျိုးမည်ဆိုပါက အချိန်မီမည်မဟုတ်ကြောင်း စိုက်ပျိုးရေးနှင့် စီးပွားရေးအကြံပေး ကိုဇော်မင်းနိုင်က CNI သတင်းဌာနသို့ ပြော သည်။
ကလောမြို့ ရေကြီးရေလျှံဖြစ်နေစဉ်
၎င်းက “အခုကာလက စပါးစိုက်ပြီးတာ တော်တော်လေး ကြာပြီပေါ့။ မိုးစပါးဆိုရင် စိုက်ပြီးသွားပြီ။ ရေလွှမ်းသွားပြီ ဆိုရင် ရေပဲလွှမ်းတာ မဟုတ်ဘူး။ ရေနဲ့အတူ နုန်းတွေပါ ပါလာတာပေါ့။ နုန်းတွေပါလာတယ်၊ မြေကြီးတွေပါလာ တယ်၊ ဒါတွေက စပါးပင်တွေ အကုန်လုံးကိုပိသွားတော့ စပါးပင်တွေ ရှင်သန်နိုင်ဖို့က ခက်သွားပြီ။ သေချာတာ တစ်ခုကတော့ ရေလွှမ်းသွားတဲ့ဒေသတွေ တော်တော်များများကတော့ စပါးပြန်မရနိုင်တော့ဘူး။ ပြန်မထွက်နိုင် ဘူး ဖြစ်သွားပြီ။ ပြန်စိုက်မယ်ဆိုရင်တောင်မှ ဒါတွေကို ပြန်ပြီးပြုပြင်ရမယ်။ ပြုပြင်ပြီး ပြန်စိုက်မယ်ဆိုရင် အနည်း ဆုံး ပြင်ဆင်ချိန်က တစ်လ နှစ်လတော့ ယူမယ်။ အဲဒီတော့မှ စပါးစိုက်ပြန်ရင်လည်း မိုးကုန်သွားရင် ရေပြဿနာ ကြုံလာမယ်” ဟု ပြောသည်။
ယခုကဲ့သို့ ရေကြီးရေလျှံမှုများ ပိုမိုဖြစ်ပေါ်လာနေခြင်းသည် မြေဆီလွှာအား ထိန်းသိမ်းနိုင်သည့် သစ်ပင်များ မရှိတော့သည့် အတွက်ကြောင့်ဖြစ်ပြီး ထိုအခြေအနေကို တောင်သူများအနေဖြင့် ကြိုတင်ကာကွယ်ထားရန်မှာ မလွယ်ကူကြောင်းလည်း စိုက်ပျိုးရေးနှင့် စီးပွားရေးအကြံပေးများက သုံးသပ်ကြသည်။
ထို့ကြောင့် အချိန်အတိုင်းအတာ တစ်ခုပေး၍ သဘာဝပတ်ဝန်းကျင်အား ပြန်လည်ကောင်းမွန်စေရန် သစ်ပင်များ ပြန်လည်စိုက်ပျိုးကာ လုပ်ယူရမည်ဖြစ်ကြောင်းလည်း ၎င်းတို့က အကြံပြုသည်။