CNI International News

တိုကျို၊ စက်တင်ဘာ ၁၇

ဂျပန်နိုင်ငံတွင် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးပိုင်း လူဦးရေသည် ၃၆ ဒသမ ၂၅ သန်းအထိ စံချိန်တင် မြင့်တက်လာခဲ့သဖြင့် ထိုပမာဏသည် ဂျပန်လူဦးရေ၏ ၃ ပုံ ၁ ပုံနီးပါးရှိလာကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ဂျပန်ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ စက်တင်ဘာ ၁၅ ရက် ထုတ်ပြန်ချက်တွင် ဂျပန်၏ သက်ကြီး ပိုင်း လူဦးရေသည် နိုင်ငံ့လူဦးရေ စုစုပေါင်း၏ ၂၉ ဒသမ ၃ ရာခိုင်နှုန်းရှိလာကြောင်း ခန့်မှန်းဖော်ပြထားသည်။

ထိုပမာဏအရ အခြားနိုင်ငံများ သို့မဟုတ် ဒေသများတွင်ရှိသည့် သက်ကြီးပိုင်း လူဦးရေနှင့် အချိုးကျနှိုင်းယှဉ်ပါက ၁၀၀,၀၀၀ ကျော် ပိုမိုများပြားနေသည်။

ဂျပန်တွင် အသက် ၆၅ နှစ်နှင့်အထက် အမျိုးသမီးဦးရေ ၂၀ ဒသမ ၅၃ သန်းရှိပြီး အမျိုးသားဦးရေ ၁၅ ဒသမ ၇၂ သန်းရှိသည်ဟု ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်အတွင်း ဂျပန်တွင် အလုပ်လုပ်ကိုင်နေကြသည့် သက်ကြီးပိုင်း လူဦးရေ ၉ ဒသမ ၁၄ သန်းအထိ စံချိန် တင်ရှိခဲ့ပြီး ထိုပမာဏအရ ဂျပန်၏ လုပ်သား ၇ ဦးလျှင် ၁ ဦးမှာ သက်ကြီးပိုင်း လုပ်သားဖြစ်နေသည်။

ဂျပန်သက်ကြီးရွယ်အို တစ်ဦးကိုတွေ့ရစဉ်

ဂျပန်နိုင်ငံသည် အလုပ်လုပ်ကိုင်နိုင်စွမ်းရှိသည့် လူငယ်နှင့် လူလတ်ပိုင်း အရေအတွက် ကျဆင်းနေပြီး သက်ကြီး ပိုင်း လူပုဂ္ဂိုလ်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှုဖူလုံရေး ကုန်ကျစရိတ်များ မြင့်တက်မှုနှင့် ရင်ဆိုင် နေရသည်။

အောက်တိုဘာ ၁ ရက်က ဂျပန်၏ လူဦးရေသည် တစ်နှစ်အတွင်း ၅၉၅,၀၀၀ ကျဆင်းသွားခဲ့ပြီး ၁၃ နှစ်ဆက်တိုက် လူဦးရေ ကျဆင်းမှုဖြစ်ခဲ့သည်။

တိုကျိုမြို့တော် အခြေစိုက် အမျိုးသားလူဦးရေအင်စတီကျုနှင့် လူမှုလုံခြုံရေး သုတေသနဌာနကမူ ၂၀၄၀ ပြည့်နှစ် တွင် ဂျပန်တွင် သက်ကြီးပိုင်းလူဦးရေ အရေအတွက်သည် နိုင်ငံ့လူဦးရေ စုစုပေါင်း၏ ၃၄ ဒသမ ၈ ရာခိုင်နှုန်းအထိ ရှိလာလိမ့်မည်ဟု ခန့်မှန်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်နှစ်က တိုကျိုမြို့တော်ရှိ ကျွမ်းကျင်ပညာရှင်များအဖွဲ့ဖြစ်သော Recruit Works အင်စတီကျုက ထုတ်ပြန်သည့် လေ့လာချက်တွင်လည်း ဂျပန်သည် လူဦးရေ လျော့ကျလာမှုကြောင့် ၂၀၄၀ ပြည့်နှစ်တွင် လုပ်သား အင်အား ပြတ်လပ်မှုသည် ၁၁ သန်းကျော် ရှိလာလိမ့်မည်ဟုလည်း ဖော်ပြခဲ့သည်။

Source: အယ်လ်ဂျာဇီးယား