CNI International News

တိုကျို၊ ဧပြီ ၂၀

ရုရှားအရာရှိ ၈ ဦးကို တိုကျိုက နှင်ထုတ်ရန် ဆုံးဖြတ်လိုက်ပြီးနောက် ၎င်းတို့သည် ဧပြီ ၂၀ ရက်(ယနေ့) အစောပိုင်း၌ ဂျပန်နိုင်ငံထဲမှ ထွက်ခွာသွားရဖွယ်ရှိကြောင်း NHK သတင်းက ဖော်ပြသည်။

ဂျပန်အစိုးရသည် ၎င်းပြည်တွင်းရှိ ရုရှားသံရုံးနှင့်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးတို့မှ အရာရှိများကို နှင်ထုတ် ကြောင်း ဧပြီ ၈ ရက်တွင် အတိအလင်းကြေညာခဲ့သည်။

အဆိုပါ ရုရှားအရာရှိများသည် ထောက်လှမ်းရေးသတင်းစုဆောင်းခြင်းတွင် အဓိကပါဝင်ပတ်သက်နေသည်ဟု ယူဆရကြောင်း ဂျပန်အစိုးရနှင့် နီးစပ်သောသတင်းရင်းမြစ်များက ပြောကြသည်။

၎င်းတို့ ၈ ဦးသည် ရုရှားနိုင်ငံမှ ရောက်ရှိလာသည့် စင်းလုံးငှားလေယာဉ်ဖြင့် လိုက်ပါကြမည်ဖြစ်၍ ဧပြီ ၂၀ ရက် (ယနေ့) မွန်းတည့်ချိန်တွင် တိုကျိုမြို့ရှိ ဟာနီဒါလေဆိပ်မှ စတင်ထွက်ခွာမည်ဟု သိရသည်။

ဂျပန်နိုင်ငံတွင် နိုင်ငံခြားသံတမန်များ (သို့မဟုတ်) အခြားနိုင်ငံခြားအစိုးရ အမှုထမ်း၊ အရာထမ်းများကို ယခုကဲ့သို့ နှင်ထုတ်ခြင်းမှာ လွန်စွာရှားပါးသည်။

ယခုဖြစ်စဉ်အပေါ် ရုရှားက လက်တုံ့ပြန်၍ အရေးယူဖွယ်ရှိသော်လည်း အသေးစိတ်အချက်အလက်များကို မသိရ သေးပေ။

၎င်းတို့အား နှင်ထုတ်သည့်အကြောင်းကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းပြန်ကြားရေးအတွင်းဝန် အိုနိုဟီကာရီကို (Ono Hikariko) က ဧပြီ ၈ ရက်တွင် ကြေညာခဲ့သည်။

ဂျပန်အစိုးရ၏ဆုံးဖြတ်ချက်ကို နိုင်ငံခြားရေးဒုတိယဝန်ကြီး မိုရီကဲကီယိုက ဂျပန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ် မီးခေးလ်ဂလူဇန်ကို ဧပြီ ၇ ရက်တွင် ဆင့်ခေါ်ပြီး အသိပေးပြောကြားခဲ့ကြောင်း NHK သတင်းအရ သိရသည်။

ယူကရိန်းတွင် အပြစ်မဲ့အရပ်သားအများအပြားကို သတ်ဖြတ်ခြင်းသည် နိုင်ငံတကာဥပဒေကို ရုရှားအနေဖြင့် ဆိုးရွားစွာချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ၎င်းတို့သည် လုံးဝသည်းမခံနိုင်သော စစ်ရာဇဝတ်မှုများကို ကျူးလွန် နေကြောင်း မိုရီကဲကီယိုက ရုရှားသံအမတ်ကို ပြောကြားခဲ့သည်။

Source: NHK