CNI International News
ဟိုက်ဒရာဘက်၊ မေလ ၂၇
လေးပွင့်ဆိုင် မဟာမိတ်အဖွဲ့ဖြစ်သည့် Quad အဖွဲ့ဝင်များဖြစ်သည့် ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန် နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများသည် ဖီဂျီနိုင်ငံတွင် ဆိပ်ကမ်းတစ်ခု ပူးပေါင်းတည်ဆောက်ရန် သဘောတူညီခဲ့ ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင် (Penny Wong)၊ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာ (S. Jaishankar)၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆု မိုတေဂီ (Toshimitsu Motegi) နှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရူဘီယို (Marco Rubio) တို့အကြား ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် အရေးပါသော တွင်းထွက်သတ္တု များနှင့် စွမ်းအင်လုံခြုံရေးဆိုင်ရာ သဘောတူစာချုပ်များကိုလည်း လက်မှတ်ရေးထိုးခဲ့ကြသည်။
ထိုအစည်းအဝေးသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ နောက်ပိုင်း Quad အဖွဲ့၏ တတိယအကြိမ်မြောက် တွေ့ဆုံမှု ဖြစ်သည်။

Quad အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကျင်းပနေစဉ်
Quad အဖွဲ့သည် ၎င်းတို့၏ ပထမဆုံးသော ပူးတွဲ အခြေခံ အဆောက်အအုံ စီမံကိန်းအဖြစ် ဖီဂျီနိုင်ငံရှိ ဆိပ်ကမ်း တစ်ခုကို စတင် မိတ်ဆက်ခဲ့သည်။
“ကျနော်တို့ဟာ ဆိပ်ကမ်းအခြေခံ အဆောက်အအုံဆိုင်ရာ ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး၊ အထူးသဖြင့် ပစိဖိတ်ကျွန်းစုနိုင်ငံတွေမှာ ဆိပ်ကမ်းစွမ်းဆောင်ရည် မလုံလောက်မှုကို ဖြေရှင်းတဲ့ အနေနဲ့ ဖီဂျီနိုင်ငံ နဲ့ ပူးပေါင်းလုပ်ဆောင်မယ့် အစီအစဉ်တွေကို ကြေညာခြင်း ဖြစ်ပါတယ်” ဟု ရူဘီယိုက ပြောကြားခဲ့သည်။
မကြာသေးမီက အမေရိကန်၏ အကောက်ခွန် စည်းကြပ်မှုများနှင့် အခြားကိစ္စရပ်များကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi)တို့ကြား တင်းမာမှုများရှိခဲ့သည့် ၂၀၂၅ ခုနှစ်တွင် Quad ခေါင်းဆောင်များကြား ထိပ်သီး အစည်းအဝေး မကျင်းပနိုင်ခဲ့ဘဲ လေးနိုင်ငံမဟာမိတ် အုပ်စု၏ အရှိန်အဟုန်မှာ လျော့ကျခဲ့ဖူးသည်။
“အခုတော့ ကျနော်တို့ အနေနဲ့ စစ်မှန်တဲ့ အောင်မြင်မှုတွေနဲ့ ရလဒ်တွေကို စတင် ပြသနိုင်ပြီ ဖြစ်ပါတယ်။ ကျနော် တို့ဟာ ဒီပူးပေါင်း ဆောင်ရွက်မှုအပေါ် အလေးအနက် ကတိကဝတ် ပြုထားပါတယ်။ ဒါဟာ အမေရိကန်အနေနဲ့ ကျနော်တို့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဗျူဟာရဲ့ အဓိကမဏ္ဍိုင်နဲ့ အခြေခံအုတ်မြစ်တစ်ခု ဖြစ်ပါတယ်”ဟု ရူဘီယိုက ပြော ကြားခဲ့သည်။

Quad အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများကို တွေ့ရစဉ်
Quad အဖွဲ့အနေဖြင့် အင်ဒို-ပစိဖိတ် စွမ်းအင်လုံခြုံရေးဆိုင်ရာ ကနဦး လုပ်ဆောင်ချက် တစ်ရပ်နှင့် အရေးပါသော တွင်းထွက်သတ္တုများဆိုင်ရာ မူဘောင်တစ်ရပ်ကို စတင်ရန် သဘောတူညီခဲ့ကြကြောင်း ၎င်းက ဆိုသည်။
တွင်းထွက် သတ္တုဆိုင်ရာ မူဘောင်သည် တွင်းထွက် သတ္တုများ တူးဖော်ခြင်းနှင့် ပြုပြင်မွမ်းမံခြင်း အပါအဝင် အရေးပါသော တွင်းထွက်သတ္တု ထောက်ပံ့ရေး ကွင်းဆက်များနှင့် ထိုသတ္တုများကို ပြန်လည် သန့်စင် အသုံးပြု ခြင်းကဏ္ဍတို့ကို ခိုင်မာအားကောင်းစေရန်အတွက် စီးပွားရေးဆိုင်ရာမူဝါဒများနှင့် ရင်းနှီးမြှုပ်နှံမှုများကို လမ်းညွှန် ပေးနိုင်လိမ့်မည်ဟု ရူဘီယိုက ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ်က ထိုင်ဝမ် အရေးနှင့်ပတ်သက်ပြီး တရုတ်နှင့် ဂျပန်ကြား သံတမန်ရေးရာ အငြင်းပွားမှုတစ်ခု ဖြစ်ပွား ပြီးနောက် တရုတ်သည် လေကြောင်းနှင့်အာကာသ၊ ကာကွယ်ရေးနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း လုပ်ငန်းများတွင် အသုံးပြုသည့် မြေရှားသတ္တုများ တင်ပို့မှုကို ရပ်ဆိုင်းခဲ့သဖြင့် ယခု Quad အဖွဲ့၏ တွင်းထွက်သတ္တုဆိုင်ရာ မူဘောင်သည် ဂျပန်နိုင်ငံအတွက် အလွန် အရေးပါလာမည်ဖြစ်သည်။
Source: ရိုက်တာ
