CNI International News
ဝါရှင်တန်၊ ဇူလိုင် ၃
တွင်းထွက်ပစ္စည်းကဏ္ဍတွင် တရုတ်၏ ဩဇာလွှမ်းမိုးမှုကို စိုးရိမ်နေရချိန်၌ အမေရိကန်၊ ဂျပန်၊ အိန္ဒိယနှင့် ဩစတြေးလျနိုင်ငံတို့သည် အရေးကြီးသည့် တွင်းထွက်ပစ္စည်းများဆိုင်ရာ သဘောတူညီချက်တစ်ခုကို ဇူလိုင် ၂ ရက်က ကြေညာခဲ့ကြောင်း DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
Quad ဟု လူသိများသည် ထို ၄ နိုင်ငံအဖွဲ့သည် နည်းပညာ အသစ်များအတွက် လိုအပ်သည့် တွင်းထွက်ပစ္စည်းများ ထောက်ပံ့မှုကို တည်ငြိမ်စေရန် လက်တွဲလုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့ကြသည်။
“တွင်းထွက်ပစ္စည်း ထုတ်လုပ်မှုနဲ့ သန့်စင်မှုတွေအတွက် နိုင်ငံတစ်နိုင်ငံတည်းကိုပဲ မှီခိုနေရတာဟာ မိမိတို့ရဲ့ စီးပွားရေး လုပ်ငန်းတွေအတွက် အနိုင်ကျင့်ခံရမှု၊ စျေးကစားမှုနဲ့ ထောက်ပံ့ရေး ကွင်းဆက် ပြတ်တောက်မှုတွေနဲ့ ကြုံတွေ့စေခဲ့ပါတယ်”ဟု Quad အဖွဲ့က ထုတ်ပြန်ခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ကုန်သွယ်ခွန် တိုးမြှင့်ကောက်ခံမှုကြောင့် အမေရိကန်နှင့် အခြား Quad အဖွဲ့ဝင်နိုင်ငံများကြား တင်းမာမှု မြင့်တက်နေချိန်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) သည် ဝါရှင်တန်၌ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာကီရှီ အိုင်ဝါယာ(Takeshi Iwaya)၊ အိန္ဒိယပြည်ပရေးရာဝန်ကြီး ဂျိုင်ရှန်ကာ(Subrahmanyam Jaishankar) နှင့် ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင် ( Penny Wong) နှင့် တွေ့ဆုံခဲ့သည်။
အိန္ဒိယပြည်ပရေးရာဝန်ကြီး ဂျိုင်ရှန်ကာ၏ X မှာတင်ထားစဉ်
ယနေ့ တွေ့ဆုံမှုသည် အင်ဒို-ပစိဖိတ်ဒေသတွင် မဟာဗျူဟာမြောက် တည်ငြိမ်မှုကို တိုးမြှင့်စေရန်နှင့် လွတ်လပ် ပွင့်လင်းသည့် ဒေသအဖြစ် ဆက်လက် ထိန်းသိမ်းရန်ဖြစ်ကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီး ဂျိုင်ရှန်ကာက X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
အစီအစဉ်၏ အသေးစိတ် အချက်အလက် အနည်းငယ်ကိုသာ ထုတ်ပြန်ခဲ့ပြီး တရုတ်ကို တိုက်ရိုက် အမည်တပ် ပြောဆိုခဲ့ခြင်း မရှိသော်လည်း တွင်းထွက်ပစ္စည်းများ ရရှိရန်အတွက် တရုတ်အပေါ် မှီခိုအးထားမှုကို လျှော့ချလို သည့် ရည်ရွယ်ချက်အား ရှင်းလင်းစွာ မြင်တွေ့နေရသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
အမေရိကန်နှင့် အခြားနိုင်ငံများသည် တစ်ပိုင်းလျှပ်ကူး ပစ္စည်းများနှင့် အခြားနည်းပညာများအတွက် မရှိမဖြစ် လိုအပ်သည့် မြေရှားသတ္တုများကို ရရှိရေး တရုတ်အပေါ် မှီခိုခဲ့ရသည်။
တောင်တရုတ်ပင်လယ်နှင့် အရှေ့တရုတ်ပင်လယ်တို့တွင် ရန်လိုသည့် လှုပ်ရှားမှုများသည် ဒေသတွင်း ငြိမ်းချမ်း ရေးနှင့် တည်ငြိမ်ရေးကို ခြိမ်းခြောက်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
Quad အဖွဲ့သည် ယခုတွေ့ဆုံမှု မတိုင်မီ ထရမ့် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် ယခုနှစ် ဇန်နဝါရီလ ကလည်း နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ကြသည်။
Source: DW