CNI International News

နယူးဒေလီ၊ နိုဝင်ဘာ ၂၂

အိန္ဒိယနိုင်ငံ၏ သြဇာတိက္ကမ ကြီးမားသည့် စီးပွားရေးလုပ်ငန်းရှင် အဒါနီ(Gautam Adani)ကို ဒေါ်လာ သန်း ၂၅၀ လာဘ်ပေးမှု အရှုပ်တော်ပုံတွင် ပါဝင်မှုဖြင့် အမေရိကန်အစိုးရရှေ့နေများက တရားစွဲဆိုခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များထဲတွင် တစ်ဦး အပါအဝင်ဖြစ်သည့် အဒါနီနှင့် အခြား အပေါင်းပါများသည် ဆိုလာစွမ်းအင် ကန်ထရိုက်များရရှိရန် အိန္ဒိယအစိုးရအရာရှိများကို ဒေါ်လာ သန်း ၂၅၀ ကျော် လာဘ်ထိုးရန် ကတိပေးခဲ့ကြောင်း အမေရိကန်ဖက်ဒရယ် အစိုးရရှေ့နေများက နိုဝင်ဘာ ၂၀ ရက်က စွပ်စွဲခဲ့သည်။

ထို့ပြင် အဒါနီတို့ အုပ်စုသည် အမေရိကန် ရင်းနှီးမြှုပ်နှံသူများထံမှ ငွေကြေးများရရှိရန် ကြိုးပမ်းနေချိန်တွင် လာဘ်ထိုးသည့်ကိစ္စကို ဖုံးကွယ်ခဲ့ကြောင်း ရှေ့နေများက ပြောကြားခဲ့သည်။

အမေရိကန်တရားရုံး ၅ ရုံးကလည်း အဒါနီ၏ တူဖြစ်သည့် ဆာဂါ အာရ် အဒါနီနှင့် ဗီနက် အက်စ် ဂျာအင်တို့ကို ဖက်ဒရယ်ဥပဒေများ ချိုးဖောက်မှုဖြင့် စွပ်စွဲခဲ့သည်။

၎င်းတို့နှစ်ဦးစလုံးသည် အိန္ဒိယ၏ ပြန်လည် သန့်စင်နိုင်သည့် စွမ်းအင်ကုမ္ပဏီတစ်ခု၏ အလုပ်အမှုဆောင်များ ဖြစ်သည်။ 

အဒါနီကိုတွေ့ရစဉ်

"တရားစွဲခံရသူတွေဟာ ဒေါ်လာဘီလျံချီ တန်ဖိုးရှိတဲ့ ကန်ထရိုက်တွေ ရဖို့အတွက် အိန္ဒိယအစိုးရကို လာဘ်ပေးဖို့ ပူးပေါင်းကြံစည်ခဲ့ကြပါတယ်"ဟု နယူးယောက် အရှေ့ပိုင်းခရိုင်တရားရုံး၏ ရှေ့နေ ဘရီယွန်ပိစ်က ပြောကြားခဲ့ သည်။

အမေရိကန်၏ တရားဥပဒေအရ အမေရိကန် ရင်းနှီးမြှုပ်နှံသူများ သို့မဟုတ် ဈေးကွက်များနှင့် အဆက်အသွယ်ရှိ နေသည့် လုပ်ငန်းများတွင် ပါဝင်နေသူများကို အကျင့်ပျက်ခြစားမှု စွဲချက်များဖြင့် သံသယရှိပါက တရားစွဲဆိုခွင့် ရှိသည်။

ဂူဂျာရက်ပြည်နယ် အာမက်ဒါဘက်မြို့တွင် မွေးဖွားခဲ့သည့် အဒါနီသည် လူလတ်တန်းစား မိသားစုမှ မွေးဖွားခဲ့သူ ဖြစ်သော်လည်း အသက် ၁၆ နှစ်၌ ကျောင်းထွက်ခဲ့ကာ မွမ်ဘိုင်းမြို့၏ ကျောက်မျက်ရတနာ ကုန်သွယ်ရေး ဈေးကွက်မှာ အလုပ်ရှာရန် မွမ်ဘိုင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်သည်။

သူသည် သူ့အစ်ကို၏ ပလပ်စတစ်လုပ်ငန်းတွင် ယာယီဝင်ရောက် လုပ်ကိုင်ခဲ့ပြီးနောက် ၁၉၈၈ ခုနှစ်တွင် ပို့ကုန် လုပ်ငန်းကို ချဲ့ထွင်ကာ မိသားစုအမည်ဖြင့် စီးပွားရေး လုပ်ငန်းစုအား တည်ထောင်ခဲ့ပြီး ကန်ထရိုက်များရရှိကာ လျှင်မြန်စွာ ကြီးပွားချမ်းသာလာခဲ့သည်။

Source: ရိုက်တာ