CNI International News
ကိယက်ဗ်၊ နိုဝင်ဘာ ၂၂
ယူကရိန်းသည် နိုဝင်ဘာ ၂၀ ရက်တွင် ဗြိတိန်-ပြင်သစ်လုပ် Storm Shadow ခရုစ်ဒုံးကျည်များဖြင့် ပထမဆုံး အကြိမ် ရုရှားနိုင်ငံတွင်းသို့ ပစ်ခတ်ခဲ့ကြောင်း CNN မှ ဖော်ပြသည်။
ယူကရိန်းသည် ရုရှားနိုင်ငံတွင်းသို့ အမေရိကန်ထုတ် ATACM ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ပြီးနောက် တစ်ရက် အကြာတွင် ထိုကဲ့သို့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ဗြိတိန်က ထောက်ပံ့သော ဒုံးကျည်များဖြင့် ရုရှားနယ်မြေအတွင်းသို့ ယူကရိန်းက ပစ်ခတ်ခဲ့သည့်သတင်းကို အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ရိုက်တာသတင်းဌာနသို့ အတည်ပြု ပြောကြားခဲ့သည်။
ဗြိတိန်မီဒီယာကလည်း နိုဝင်ဘာ ၂၀ ရက်က ခရုစ်ဒုံးကျည် အသုံးပြုခဲ့သည့် သတင်းကို သူ၏ သတင်းအရင်းအမြစ် များ ပြောကြားချက်ကို ကိုးကားပြီး ဖော်ပြခဲ့သည်။
CNN သတင်းဌာနက ယူကရိန်းကာကွယ်ရေးဝန်ကြီး ရက်စ်တမ်အူမာရော့ဗ်(Rustem Umerov)ကို ရုရှားနိုင်ငံတွင်း သို့ Storm Shadow ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ခြင်း ရှိ/မရှိ မေးမြန်းမှုတွင် အူမာရော့ဗ်က ၎င်းတို့နိုင်ငံကို ကာကွယ်ရန် လိုအပ်သည်များအားလုံးကို အသုံးပြုနေသည့်အတွက် အသေးစိတ်ကို ထုတ်ဖော်ပြောကြားသွားမည် မဟုတ် ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ဗြိတိန်ရဲ့ Storm Shadow ဒုံးကျည်ကိုတွေ့ရစဉ်
ဗြိတိန်ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက CNN သတင်းဌာန၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းမရှိဘဲ ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာနကိုလည်း ဆက်လက် မေးမြန်းထားကြောင်း သတင်းတွင် ဖော်ပြထားသည်။
ရုရှားကမူ ၎င်းတို့၏နယ်မြေကို တိုက်ခိုက်ရန် အနောက်အုပ်စု၏ လက်နက်များကို အသုံးပြုခြင်းသည် ယူကရိန်း စစ်ပွဲတွင် ပဋိပက္ခဖြစ်ပွားမှုအား အရှိန်မြင့်တက် လာစေမည်ဖြစ်ကြောင်း သတိပေးထားသည်။
ရုရှားလိုလားသော တယ်လီဂရမ် ချန်နယ်နှစ်ခုက ယူကရိန်းသည် ကာ့ရှ်ဒေသကို Storm Shadow ခရုစ်ဒုံးကျည် ၁၂ စင်းအထိ ပစ်လွှတ်ခဲ့ကြောင်း ဖော်ပြထားသည်။
ဗြိတိန်သည် အကွာအဝေး ကီလိုမီတာ ၂၅၀ ကျော်အထိ ရောက်ရှိနိုင်သော Storm Shadow ဒုံးကျည်များကို ယခင်က ယူကရိန်းအား အသုံးပြုခွင့် ပေးထားပြီးဖြစ်သည်။
Source: CNN