ကိယက်ဗ်၊ မေလ ၂၉
စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ယူကရိန်းမြို့တော်သို့ ရုရှားဘက်က အင်အားအကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့သည်ဟု အာဏာပိုင်များက ပြောကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။
မေလ ၂၈ ရက်နေ့ တိုက်ခိုက်မှုသည် ကိယက်ဗ်(Kyiv)မြို့ တည်ထောင်ခြင်း နှစ်ပတ်လည် အခမ်းအနား ကျင်းပရန် ပြင်ဆင်နေသည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
ထိုတိုက်ခိုက်မှုတွင် အနည်းဆုံး လူတစ်ဦးသေဆုံးခဲ့ကြောင်း၊ ရုရှား၏ ဒရုန်းပေါင်းများစွာကို ပစ်ချနိုင်ခဲ့ပြီး ယင်းက ယူကရိန်းလေကြောင်း ကာကွယ်ရေး အစွမ်းကို ပြသမှုဟုလည်း အာဏာပိုင်များက ပြောသည်။
ရုရှားတို့သည် မြို့တော် ကိယက်ဗ်အား အီရန်လုပ် Shahed ဒရုန်းများဖြင့် ညလုံးပေါက် တိုက်ခိုက်ခဲ့သည်။
ရုရှားတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော အဆောက်အဦကြားက လူတစ်ယောက်ကိုတွေ့ရစဉ်
ထိုတိုက်ခိုက်မှုက အင်အား အပြင်းထန်ဆုံး တိုက်ခိုက်မှုဖြစ်ကြောင်း မြို့တော် စစ်ဘက်အရာရှိ တစ်ဦးက ပြောသည်။
ထိုတိုက်ခိုက်မှုသည် ငါးနာရီကျော် ကြာမြင့်ခဲ့ကာ ယူကရိန်းလေကြောင်း ကာကွယ်ရေးစနစ်က ဒရုန်းအစီးရေ ၄၀ ကျော်ကို ပစ်ချခဲ့သည်ဟုလည်း သိရသည်။
တိုက်ခိုက်မှုကြောင့် အသက် ၄၁ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သလို လူမနေသော ခုနစ်ထပ် အဆောက်အဦတစ်ခု မီးလောင်ပျက်စီးရာမှ ပြုတ်ကျလာသော အပျက်အစီးများကြောင့် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကိယက်ဗ်မြို့တော်ဝန် ဗီတာလီ ကလစ်ဆတ်ကို (Vitali Klitschko) က ပြောသည်။
ဒရုန်းတစ်စီးမှ အပျက်အစီးများကြောင့် ယူကရိန်း၏ မျက်မမြင်အဖွဲ့ အဆောက်အဦလည်း ပျက်စီးသွားခဲ့ရသည်။
ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး အိုလာ ဆီနီဟူဘော့ဗ်ကို တွေ့ရစဉ်
ရုရှားတို့၏ ယူကရိန်းနိုင်ငံတလွှားသို့ Shahed ဒရုန်းများဖြင့် တိုက်ခိုက်မှုသည် စံချိန်တင် အရေအတွက် များပြားခဲ့ သည်ဟု ယူကရိန်းလေတပ်က ထုတ်ပြန်သည်။
ရုရှားဘက်က ဒရုန်း ၅၄ စင်း စေလွှတ်ခဲ့ကာ ယင်းတို့မှ ၅၂ စင်းကို လေကြောင်းကာကွယ်ရေးစနစ်များက ပစ်ချ နိုင်ခဲ့သည်ဟုလည်း သိရသည်။
ရုရှားစစ်တပ်သည် ယူကရိန်းဘက်သို့ ဒရုန်းများဖြင့် မကြာခဏဆိုသလို တိုက်ခိုက်လေ့ ရှိသော်လည်း ဒရုန်းအများ စုကို ယူကရိန်းဘက်က ပစ်ချနိုင်ခဲ့သည်။ ထို့အပြင် ရုရှားတို့၏ အသံထက်ပိုမြန်သော Kinzhal ဒုံးကျည်တချို့ကိုပါ ပစ်ချနိုင်ခဲ့သည်ဟု ယူကရိန်းဘက်က ယခုလအတွင်း ပြောခဲ့သည်။
ထိုဒုံးကျည်များသည် အကြီးမားဆုံး အားသာချက် တစ်ခုအဖြစ် ရုရှားသမ္မတ ပူတင် (Putin) က ထုတ်ဖော် ချီးကျူးထား သည်။
အရှေ့မြောက်ပိုင်း ခါကိဗ် (Kharkiv) ဒေသတွင်လည်း လက်နက်ကြီးဖြင့် သီးခြား တိုက်ခိုက်မှု နှစ်ခုကြောင့် အသက် ၆၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ရကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး အိုလာ ဆီနီဟူဘော့ဗ် (Oleh Syniehubov)က ပြောသည်။
Source: AP