CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၂၉

အမေရိကန်သမ္မတရွေးကောက်ပွဲ ပြုလုပ်ရန် နီးကပ်လာချိန်တွင် ဒေါ်နယ်ထရမ့် (Donald Trump) ၏ ရီပတ်ဘလစ်ကန် မဟာမိတ်များသည် ပြိုင်ဆိုင်မှုပြင်းထန်သည့် ပြည်နယ်များ၌ တရားရေးဆိုင်ရာ အနှောင့်အယှက် အဟန့်အတားများနှင့် ရင်ဆိုင်နေရသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

လွန်ခဲ့သည့် သီတင်း ၃ ပတ်အတွင်း ထရမ့်၏ မဟာမိတ်များသည် ပြိုင်ဆိုင်မှုပြင်းထန်သည့် ပြည်နယ်များတွင် တရားရုံး၌ အမှုအခင်း ၁၀ ခုနှင့် ရင်ဆိုင်ခဲ့ရသည်။

ထိုပြည်နယ်များသည် ထရမ့်နှင့် ၎င်း၏ ပြိုင်ဘက် ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်း ကာမယ်လာဟားရစ် (Kamala Harris) တို့အကြား အရှုံး၊ အနိုင်ကို အဆုံးအဖြတ်ပေးမည့် ပြည်နယ်များဖြစ်သည်။

အောက်တိုဘာ ၂၅ ရက်ကလည်း ရီပတ်ဘလစ်ကန်များသည် ဗာဂျီးနီးယား (Virginia) ပြည်နယ်တွင် ၎င်းတို့ တင်သွင်းထားသည့် တရားရေး အမှုအခင်းတစ်ခုကို ရှုံးနိမ့်ခဲ့သည်။

ရီပတ်ဘလစ်ကန်များ တင်သွင်းသည့် ထိုအမှုတွင် ဗာဂျီးနီးယားပြည်နယ် အာဏာပိုင်များက ပြည်နယ်အတွင်း မဲပေးသူများအနက် နိုင်ငံသားဖြစ်သော တရားဝင် အထောက်အထားများ မပြနိုင်သူများကို မဲစာရင်းမှ ဖယ်ရှားခဲ့ ခြင်းဖြစ်သည်။

အမေရိကန် မဲဆန္ဒရှင်များကို တွေ့ရစဉ်

သို့သော် ပြည်နယ်အာဏာပိုင်များ၏ ဖယ်ရှားမှုကို ဖက်ဒရယ်တရားသူကြီးတစ်ဦးက တားမြစ်ပိတ်ပင်ခဲ့သဖြင့် ရီပတ်ဘလစ်ကန်များ၏ အားထုတ်ကြိုးပမ်းမှုမှာ အရာမထင်ဖြစ်ခဲ့ရသည်။

ပြည်နယ်အာဏာပိုင်များ၏ မဲစာရင်း ဖယ်ရှားမှုသည် ရွေးကောက်ပွဲမတိုင်မီ ရက်ပေါင်း ၉၀ အတွင်း မဲဆန္ဒရှင် အများအပြားကို ရှင်းထုတ်ခြင်းကို တားမြစ်ထားသည့် ဖက်ဒရယ်တားမြစ်ချက်နှင့် ငြိစွန်းနေကြောင်း အမေရိကန် ခရိုင်တရားသူကြီး ပက်ထရီစီယာ တိုလီဗာ ဂီလက်စ် (Patricia Tolliver Giles) က ပြောကြားခဲ့သည်။

နောက်ထပ် တရားရေး ဆုံးဖြတ်ချက်များမှာ ထရမ့်၏ မဟာမိတ်များ တင်သွင်းသည့် ရွေးကောက်ပွဲ စည်းမျဉ်း စည်းကမ်းများ ပြောင်းလဲရေး အဆိုပြုချက်ကို တရားသူကြီးများက တားမြစ်ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မဲရုံဝန်ထမ်းများ အနေဖြင့် မဲများကို လက်ဖြင့် ရေတွက်ရန် လိုအပ်ခြင်း၊ ပြည်ပနိုင်ငံများတွင် နေထိုင်သည့် အမေရိကန်နိုင်ငံသားအချို့၏ မဲများကို တားမြစ်ပိတ်ပင်ခြင်းတို့ အပါအဝင် ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်း စည်းကမ်း ၄ ခုကို ပြောင်းလဲရန် အဆိုပြုခဲ့သည့် ထရမ့်၏ မဟာမိတ်များ အားထုတ်ကြိုးပမ်းမှုများကို တရားသူကြီးများက တားမြစ်ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေ ရွေးကောက်ပွဲနေ့တွင် ရောက်ရှိလာသည့် စာတိုက်မှပေးပို့သည့် မဲများကို လက်ခံ အတည်ပြုရေး အတွက် တောင်းဆိုထားသည့် ရီပတ်လစ်ကန်များ၏ တောင်းဆိုချက်ကိုမူ အမှတ် ၅ အမေရိကန် အယူခံတရားရုံး က အတည်ပြုပေးခဲ့သည်။

Source: ရိုက်တာ