CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၄
အာဆင်နယ်အသင်းဟာ မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ စပါးအသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ၆ မှတ်ဖြတ်ကာ ဦးဆောင်နေပေမယ့် နည်းပြအာတီတာက ဒီလိဂ်မှာ ရမှတ် ၆ မှတ်ဖြတ်တာ မများဘူးလို့ ပြောခဲ့ပါတယ်။
အာတီတာက “ဒီလိဂ်မှာက ဒီလောက်ရမှတ်ဖြတ်တာ သိပ်မများပါဘူး။ ကျနော်တို့ဟာ ကောင်းမွန်စွာ လုပ်နေပြီး အလွန်တည်ငြိမ်မှုရှိခဲ့ပါတယ်။ ရလဒ်တွေကို ကြည့်ရင် အနိုင်ရတာပဲဖြစ်ဖြစ် ရှုံးနိမ့်တာပဲဖြစ်ဖြစ် ဂိုးကွာခြားမှုတွေနဲ့ ပွဲတွေမှာ တကယ်ဖြစ်ပျက်နေတာတွေက အလွန်သေးငယ်ပါတယ်။ ကျနော်တို့ဟာ ပြီးခဲ့တဲ့ ဆန်းဒါးလန်းအသင်း နဲ့ပွဲမှာ ၂ မှတ်ဆုံးရှုံးခဲ့တဲ့အတွက် ခါးသီးတဲ့ ခံစားချက်တွေနဲ့ နိုင်ငံတကာပွဲတွေကို သွားရောက်ခဲ့ရပါတယ်။ ကျနော် တို့ဟာ အဲ့ဒီအရှိန်အဟုန်ကို ပြန်လည်ရယူချင်ခဲ့ပြီး ဒါက ကောင်းမွန်တဲ့စတင်မှုပါ”လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ အီဇီရဲ့ဟက်ထရစ်၊ ထရော့ဆာ့ဒ်ရဲ့ သွင်းဂိုးတွေနဲ့ စပါးအသင်းကို ဂိုးပြတ်အနိုင် ရရှိခဲ့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ အဖြစ် ကစားခဲ့တဲ့ပွဲတွေမှာ မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတို့ အရေးနိမ့်ခဲ့ပြီး ချယ်လ်ဆီး အသင်းက အနိုင်ရရှိခဲ့ပါတယ်။
အဲ့ဒါကြောင့် အာဆင်နယ်အသင်းဟာ အဆင့် ၂ နေရာကို ရောက်ရှိလာခဲ့တဲ့ ချယ်လ်ဆီးအသင်းကို ရမှတ် ၆ မှတ် ဖြတ်ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတာပါ။
အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်းတို့ဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ထိပ်တိုက် တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းကို တွေ့ရစဉ်
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ၃ ရာသီစလုံးမှာ အဆင့် ၂ နေရာတွေနဲ့သာ ရာသီကုန်ဆုံးခဲ့ရတာကြောင့် ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ အမှားအယွင်းမရှိအောင် လုပ်ဆောင်နေတာပါ။
ရမှတ် ၆ မှတ်ဖြတ်ပြီး ကောင်းမွန်စွာ ရာသီစတင်နေပေမယ့် အာဆင်နယ်အသင်း နည်းပြအာတီတာက လက်ရှိ အမှတ်ပေးဇယား ရပ်တည်မှုကို စဉ်းစားနေမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် နည်းပြအာတီတာက ဒီပွဲမှာ ဟက်ထရစ်သွင်းခဲ့တဲ့ အီဇီကို ချီးကျူးမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီမှာ ပဲလေ့စ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ အီဇီဟာ အာဆင်နယ်အသင်းအတွက် ၁၆ ပွဲ ကစားထားပြီး ၅ ဂိုး သွင်းယူထားပါတယ်။
အာဆင်နယ်အသင်းဟာ လာမယ့်ကြားရက်ထဲမှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: metro
