CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂

အာဆင်နယ်အသင်းက ဘရန်ဖို့ဒ်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အပြီးမှာ အာဆင်နယ် အသင်း နည်းပြအာတီတာက ကြီးမားတဲ့နိုင်ပွဲလို့ ပြောခဲ့ပါတယ်။ 

အာတီတာက “ဒါက ကြီးမားတဲ့နိုင်ပွဲပါ။ ဘရန်ဖို့ဒ်အသင်းဟာ အလွန်ကောင်းမွန်တဲ့ အသင်းဖြစ်သလို အလွန် ကောင်းမွန်တဲ့ နည်းပြနဲ့ သူတို့ရဲ့အိမ်ကွင်း စွမ်းဆောင်ရည်တွေက ထူးခြားပါတယ်။ ကျနော်တို့ဟာ ဒုတိယပိုင်းကို အလွန်ကောင်းမွန်စွာ စတင်နိုင်ခဲ့ပြီး ဒါကို အခွင့်ကောင်းယူကာ ဂိုးဧရိယာထဲမှာ အဆုံးသတ်ပိုင်းတွေ ကောင်းမွန်ခဲ့ ပါတယ်။ ကျနော်တို့ဟာ လာမယ့်ပွဲတွေမှာလည်း အနိုင်ရအောင် လုပ်ဆောင်ပြီး ကျနော်တို့ လက်ထဲမှာရှိတဲ့ အရာ ကို သေချာအောင်လုပ်ဖို့လိုတယ်”လို့ ပြောခဲ့တာပါ။ 

အာဆင်နယ်အသင်းဟာ ဒီပွဲစဉ်မှာ ဘရန်ဖို့ဒ်အသင်းကို ဦးဆောင်ဂိုး စတင်ပေးခဲ့ရပေမယ့် ဂျီးဆပ်စ်က ချေပဂိုး၊ မယ်ရီနိုနဲ့ မာတင်နယ်လီတို့က အနိုင်ဂိုးတွေ သွင်းယူခဲ့တာကြောင့် ၂၀၂၅ ခုနှစ် ပထမဆုံးပွဲစဉ်ကို အနိုင်ရလဒ်နဲ့ စတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းဟာ နိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၂ နေရာကို ပြန်တက်နိုင်ခဲ့ပြီး အဆင့် ၁ နေရာက လီဗာပူးလ်အသင်းထက် ၁ ပွဲ ပိုကစားကာ ရမှတ် ၆ မှတ်ကွာဟနေတာပါ။

အာဆင်နယ်အသင်းကို တွေ့ရစဉ်

အာဆင်နယ်အသင်း နည်းပြအာတီတာဟာ ဒီပွဲမှာ အသက် ၁၇ နှစ်အရွယ်ရှိ နွမ်နရီကို ပရီးမီးယားလိဂ်ပွဲ ထွက်လူ စာရင်းထဲ ပထမဆုံးအကြိမ် အသုံးပြုခဲ့ပြီး သူလည်း ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

အာတီတာက ပွဲအပြီးမှာ နွမ်နရီရဲ့ ခြေစွမ်းကို ချီးကျူးမှု ပြုလုပ်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ လက်ရှိအချိန် မှာ အဓိက ကစားသမားဖြစ်တဲ့ ဆာကာကို ဒဏ်ရာကြောင့် ၂ လကျော်ကြာ အနားပေးရမှာဖြစ်ပေမယ့် သူမပါဝင်ခဲ့တဲ့ နောက်ဆုံး ၂ ပွဲစလုံးကို အနိုင်ရလဒ်ရယူနိုင်ခဲ့တာပါ။ 

အာဆင်နယ်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ် ၂၀ အဖြစ် ဘရိုက်တန်အသင်း အိမ်ကွင်းသွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: BBC