CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂
ယူနိုက်တက်အသင်းမှာ ရုန်းကန်နေရတဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ထိပ်တန်းအားကစား အေဂျင်စီတစ်ခုနဲ့ ဆွေးနွေးမှု ပြုလုပ်ခဲ့တယ်ဆိုပြီး ထွက်ပေါ်လာတဲ့ သတင်းတွေကို ငြင်းဆန်ခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ နယူးကာဆယ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မတိုင်ခင် ယူနိုက်တက်အသင်းရဲ့ ပွဲစဉ် ၄ ပွဲဆက်တိုက် လူစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရတာပါ။
ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်း လူစာရင်းကနေ ချန်လှပ်ခံရပြီးနောက် စိန်ခေါ်မှုအသစ်အတွက် သူအဆင်သင့် ဖြစ်နေပြီလို့ အင်တာဗျူးတစ်ခုမှာ ပြောထားတာ ဖြစ်ပါတယ်။
အဲဒါကြောင့် ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်းကနေ ဒီလထဲ ထွက်ခွာနိုင်ဖို့ ကြိုးစားတဲ့အနေနဲ့ ထိပ်တန်း အားကစား အေဂျင်စီဖြစ်တဲ့ Stellar နဲ့ ဆွေးနွေးခဲ့တယ်လို့ The Sun က ဖော်ပြခဲ့တာပါ။
ဒီအေဂျင်စီဟာ ဂါရတ်ဘေးလ်ကို စပါးအသင်းကနေ ရီးရယ်လ်အသင်းထံ ပေါင် ၈၆ သန်းနဲ့ ပြောင်းရွှေ့နိုင်အောင် အကူအညီပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ရက်ရှ်ဖို့ဒ်က သူဟာ ဘယ်အေဂျင်စီနဲ့မှ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ခြင်းမရှိသလို သူတို့ရေးသားထားတဲ့ အတိုင်း ပြုလုပ်ဖို့ အစီအစဉ်လည်း မရှိဘူးလို့ ထွက်ပေါ်နေတဲ့ သတင်းတွေကို ငြင်းဆန်ခဲ့တာပါ။
ရက်ရှ်ဖို့ဒ်ကို တွေ့ရစဉ်
ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်က ပယ်လ်ဇန်အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ၅၆ မိနစ် ပါဝင်ကစားပေးပြီး ကတည်းက ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားခွင့် မရရှိတော့တာ ဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ မန်စီးတီး၊ စပါး၊ ဘုန်းမောက်နဲ့ ဝုလ်ဗ်စ်အသင်းတို့ပွဲတွေမှာ ယူနိုက်တက်အသင်း လူစာရင်းထဲ ပါဝင်ခွင့် မရခဲ့ပေမယ့် နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မှာ ပြန်လည် ပါဝင်ခွင့်ရခဲ့တာပါ။
ဒါပေမယ့် ရက်ရှ်ဖို့ဒ်ဟာ နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မှာ လူစားလဲ အဖြစ်တောင် ပါဝင်ခွင့်မရခဲ့ပါဘူး။
ယူနိုက်တက်အသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ရက်ရှ်ဖို့ဒ်ကို ရောင်းချဖို့ စဉ်းစားနေပြီး ပေါင်သန်း ၄၀ နဲ့ ကမ်းလှမ်းမှုတွေကို နားထောင်သွားဖို့ ရှိနေပါတယ်။
ယူနိုက်တက်အသင်းအတွက် ၄၂၆ ပွဲ ပါဝင်ကစားထားပြီး ၁၃၈ ဂိုး သွင်းယူထားတဲ့ ရက်ရှ်ဖို့ဒ်နဲ့ အသင်းတို့ရဲ့ စာချုပ်ဟာ ၂၀၂၈ ခုနှစ် နွေရာသီအထိ သက်တမ်းရှိနေတာ ဖြစ်ပါတယ်။
Source: Dailymail