CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၂၅
ယူနိုက်တက်အသင်းက ဘရိုက်တန်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ၁ ဂိုးဖန်တီးခဲ့တဲ့ အသင်း ခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ် တစ်ရာသီအတွင်း ဂိုးဖန်တီးမှု ၂၁ ကြိမ်ပြုလုပ်ပြီး စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ ဒီပွဲမတိုင်မီ အာဆင်နယ်အသင်း ဂန္ထဝင် အွန်နရီ၊ မန်စီးတီးအသင်း ကွင်းလယ်လူဟောင်း ဒီဘရိုင်းတို့နဲ့ ဂိုးဖန်တီးမှုအကြိမ် ၂၀ စီ တူညီနေတာပါ။
ဒါပေမယ့် ဘရူနိုဖာနန်ဒက်စ်ဟာ ၂၁ ကြိမ်မြောက် ဂိုးဖန်တီးမှုကို ပြုလုပ်နိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ် တစ်ရာသီ အတွင်းမှာ ဂိုးဖန်တီးမှု အကြိမ်အရေအတွက် အများဆုံး ပြုလုပ်နိုင်တဲ့ ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် ရာသီနောက်ဆုံးပွဲ အပြီးမှာ ယူနိုက်တက်အသင်း ခေါင်းဆောင်ဟာ Golden Playmaker Award ကိုရရှိခဲ့တာပါ။

ဘရိုနိုဖာနန်ဒက်စ်ကို တွေ့ရစဉ်
ပေါ်တူဂီကွင်းလယ်လူဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆုနဲ့ ဘောလုံးအားကစား ကလောင်ရှင်များ အဖွဲ့အစည်းကပေးတဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိထားပါတယ်။
ဘရူနိုဖာနန်ဒက်စ်က “အလွန်ကောင်းမွန်ပြီး ဒီအတွက် ကျနော် ပျော်ရွှင်သလို အလွန်ဂုဏ်ယူစရာ ကောင်းတဲ့ အခိုက်အတန့်ပါ။ ကျနော်ကံကောင်းလို့ စံချိန်သစ်ကို ရခဲ့တာဖြစ်ပြီး အဓိကက အသင်းနိုင်ပွဲရခဲ့သလို အလွန် ကောင်းမွန်စွာ အဆုံးသတ်နိုင်ခဲ့တာပါပဲ”လို့ Sky Sports ကို ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၃ နေရာ ရပ်တည်ကာ ရာသီ အဆုံးသတ်ခဲ့ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီမှာ အောင်မြင်မှုတွေ ရယူနိုင်ဖို့ အခုကတည်းက ကစားသမားသစ်တွေခေါ် ယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။
Source: ESPN
