CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၂၅
၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ်ဖလားကို အာဆင်နယ်အသင်း ရယူနိုင်ခဲ့ပြီးနောက် တောင်ပံကစားသမား ဆာကာ က အသင်းဟာ သူတို့ကို ဝေဖန်တဲ့သူတွေ မှားယွင်းကြောင်း သက်သေ ပြသနိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဆာကာက “ကျနော်တို့ဟာ အလွန်နိမ့်ကျပြီး အာဆင်နယ်အသင်း ရှိသင့်တဲ့ အဆင့်အတန်းနဲ့ အလွန် ဝေးကွာ ခဲ့ဖူးပါတယ်။ ကျောင်းတွေ၊ ဆိုရှယ်မီဒီယာတွေကနေ နောက်ပြောင်မှုတွေနဲ့ လူတွေ အာဆင်နယ် အကြောင်း ဘာတွေပြောကြလဲ၊ သူတို့ ကျနော်တို့အကြောင်း ဘယ်လိုတွေ ရယ်ကြလဲဆိုတာ ကျနော် သိပါတယ်။ အဲ့ဒီအချိန် တုန်းက ကျနော် ခံစားခဲ့ရပေမယ့် အခုတော့ ဒါတွေဟာ ပြီးဆုံးသွားပါပြီ။ ကျနော်တို့ အချိန်ကို ရောက်ပါပြီ”လို့ အီယန်ရိုက်နဲ့ Sky Sports မှာ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ဆုဖလား အောင်မြင်မှုနဲ့ ဝေးကွာနေတာကြောင့် လှောင်ပြောင်မှုတွေ ခံခဲ့ရပေမယ့် ဒီရာသီမှာတော့ ၂၂ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူကာ ဝေဖန်သူတွေ၊ လှောင်ပြောင်တဲ့ သူတွေကို တိတ်ဆိတ် သွားစေခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ မန်စီးတီးအသင်းကို အရေးနိမ့်ပြီးနောက် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲစလုံး အနိုင် ရခဲ့ပြီး မန်စီးတီးအသင်းက ခြေချော်ခဲ့တာကြောင့် အမှတ်ပေး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။

အာဆင်နယ်အသင်းကိုတွေ့ရစဉ်
ပရီးမီးယားလိဂ် ရာသီနောက်ဆုံးပွဲအပြီးမှာ အာဆင်နယ်အသင်းဟာ မန်စီးတီးအသင်းကို ရမှတ် ၇ မှတ် ဖြတ်နိုင်ခဲ့ ပါတယ်။
အာဆင်နယ်အသင်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်က သူတို့ဟာ မန်စီးတီးအသင်းကို အရေးနိမ့်ခဲ့တဲ့ ပွဲကနေ အများကြီး သင်ယူခဲ့ရတာကြောင့် ပရီးမီးယားလိဂ် ဖလားကို ရယူနိုင်မယ်ဆိုတာ သူ ၁၀၀ ရာခိုင်နှုန်း ယုံကြည် ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ပရီးမီးယားလိဂ် ဖလားကို ရယူနိုင်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ PSG အသင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အနိုင် ယူပြီး ချန်ပီယံလိဂ်ဖလားကို ပထမဆုံးအကြိမ် ရယူနိုင်ဖို့လည်း ပစ်မှတ်ထားနေပါတယ်။
အာဆင်နယ်နဲ့ PSG အသင်းရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို မေလ ၃၀ ရက် ဘူဒါပက်စ်မှာ ကျင်းပသွားမှာ ဖြစ်ပါ တယ်။
Source: CNA
